စွမ်းရည်ပြည့်ဝသော ဆက်သွယ်ရေးလိုင်းများ အကန့်အသတ်မရှိ ပြန်တည်ဆောက်ရန် အရပ်ဖက်အဖွဲ့ ၁၀၀ကျော် တောင်းဆို

စွမ်းရည်ပြည့်ဝသော ဆက်သွယ်ရေးလိုင်းများ အကန့်အသတ်မရှိ ပြန်တည်ဆောက်ရန် အရပ်ဖက်အဖွဲ့ ၁၀၀ကျော် တောင်းဆို

မြန်မာနိုင်ငံတွင်တစ်နှစ်ကြာ အင်တာနက်ဖြတ်တောက်ထားမှုကို ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်ထားမှုအဖြစ် အရပ်ဖက်အဖွဲ့အစည်း (၁၀၀)ကျော်က ထောက်ပြပြောဆိုလိုက်ပြီး စွမ်းရည်ပြည့်ဝသော ဆက်သွယ်ရေးလိုင်းများအား အကန့်အသတ်မရှိဘဲ ပြန်လည်တည်ဆောက်ပေးရန် ဇွန်လ  ၂၁ရက် နှစ်ပတ်လည်တွင်  သဘောထားထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ယင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များတွင် မိုဘိုင်းလ်အင်တာနက်ဆက်သွယ်မှု စတင် ဖြတ်  တောက်ခံရမှု တစ်နှစ်ပြည့်ပြီးနောက် အဆိုပါပြည်နယ်များရှိ မြို့နယ် (၈)မြို့နယ်မှ ၁.၄သန်းခန့်သော ဒေသခံ  ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံရေးနှင့် နိုင်ငံသားများ အခွင့်အရေးများ  ချိုးဖောက်ခံရခြင်းကို ကြုံတွေ့ခံစားနေကြရသည်ဟု ဆိုထားသည်။

သဘောထားထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ MIDO ၏ အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က “စွမ်း အားပြည့်ဝသော ဆက်သွယ်ရေးလိုင်းများကတော့ ဖုန်းတစ်မျိုးတည်းမဟုတ်ဘဲ အင်တာနက်ဒေတာတွေကိုပါပြန်ဖွင့်ပေးဖို့ပါ။ ဒီနေရာမှာ စဉ်းစားနိုင်တာက အစိုးရဝက်ဘ်ဆိုက်တွေပဲ ဖွင့်ပေးပြီး တခြားဝက်ဘ်ဆိုက်နဲ့ ဝန်ဆောင်မှုတွေကို မဖွင့်ပေးတာမျိုးတွေ ဖြစ်မှာစိုးလို့၊ အင်တာနက်တော့ ဖွင့်ပေးပြီး မီဒီယာဝက်ဘ်ဆိုက်တွေကို  တော့ ပိတ်ထားတာမျိုးတွေ။ နောက်ပြီး ဖွင့်ပေးပြန်ရင်လည်း အင်တာနက်လိုင်းတွေကို နှေးထားတာမျိုးတွေ  ဖြစ်မှာစိုးလို့ စွမ်းအားပြည့်ဝသောကို ပြောထားတာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

မြန်မာအစိုးရသည် အင်တာနက်ဖြတ်တောက်မှုအား နိုင်ငံတော်လုံခြုံရေးအတွက် လုပ်ဆောင်ခြင်းဟု ဆိုခဲ့သော်လည်း ယခု ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများအား လျော့ပါးသွားစေသည့် အထောက်အထား မတွေ့ရှိရသည့်အပြင်  မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အနောက်ကျဆုံး ဒေသများရှိ ဒေသခံလူထုအား COVID-19 ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ဆိုးရွားသော ထိခိုက်မှုများကို ကြုံတွေ့စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့လုပ်ဆောင်ခြင်းသည် သင့်လျော်မှုမရှိကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ရှုတ်ချခဲ့သလို ဆက် လက်ဖြစ်ပွားနေသော အင်တာနက်ဖြတ်တောက်မှုကို အရပ်ဖက်အဖွဲ့အစည်းများကလည်း ရှုတ်ချကာ အစိုးရအား  ကန့်သတ်ပိတ်ဆို့မှုများ ချက်ချင်းရုတ်သိမ်းပြီး စွမ်းရည်ပြည့်ဝသော ဆက်သွယ်ရေးလိုင်းများ ပြန်တည်ဆောက်ပေးရန်နှင့် အခြားအချက် ၃ချက်ကိုပါ တိုက်တွန်းတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ယင်းတို့မှာ မြို့နယ် (၈)မြို့နယ်ရှိ မိုဘိုင်းအင်တာနက်လိုင်းများကို ခြွင်းချက်မရှိ စွမ်းအားပြည့် ချက်ချင်းပြန်ဖွင့်ပေး ရန်၊ ၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ၏ ပုဒ်မ ၇၇နှင့် ၇၈တို့အား ပြန်လည်သုံးသပ်ရန်နှင့် ၎င်းတို့အား လူ့အခွင့်အ  ရေးစံနှုန်းများနှင့်အညီ အမြန်ဆုံးပြင်ဆင်ရန်၊ အနာဂတ်တွင်နှင့် လာမည့် ရွေးကောက်ပွဲကာလများတွင်လည်း  အင်တာနက် ဖြတ်တောက်ခံထားရသောဒေသများ၊ မြန်မာတစ်နိုင်ငံလုံးရှိ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားသည့်  အခြားဒေသများ အပါအဝင် ကျန်ဒေသများ၌လည်း ယခုကဲ့သို့ အင်တာနက်ဆက်သွယ်ရေးစနစ် ဖြတ်တောက်  ခြင်းများနှင့် အင်တာနက်နှုန်းထား လျှော့ချခြင်းများကိုလုံး၀ မပြုလုပ်ရန် ထုတ်ပြန်သည့် သဘောထားကြေ ညာချက်တွင် တောင်းဆိုထားသည်။

“တောင်းဆိုချက်တွေကို ချက်ချင်း အကောင်အထည်ဖော်နိုင်ဖို့က သိပ်အရေးကြီးပါတယ်။ တစ်နှစ်ဆိုတဲ့ အတိုင်းအ  တာက အတော်လေးကို များပြားလွန်းလှပါပြီ။ ဒီခေတ်ကြီးမှာ အင်တာနက်ကို နာရီပိုင်း၊ ရက်ပိုင်း မရရင်တောင်  စီးပွားရေး၊ လူမှုရေး အစရှိတဲ့ အဖက်ဖက်မှာ နှောင့်နှေးနေပါပြီ။ ဒီ့အပြင် အခု ကပ်ရောဂါကာလ ရခိုင်နဲ့ ချင်းလို   ဒေသတွင်း ပဋိပက္ခဖြစ်နေတဲ့ အရေးပေါ်ကာလတွေမှာ သေရေးရှင်ရေးလို အရေးပါပါတယ်။ သတင်းအချက်အ လက် အချိန်မှီ မစီးဆင်းနိုင်တာက Vulnerable(အားနွဲ့မှု)ဖြစ်နေတဲ့ လူ့အသိုင်းအဝိုင်းကို ပိုပြီး Vulnerable ဖြစ်စေပါ တယ်။ ဘယ်သူ့အတွက်မှလည်း မကောင်းပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေအရလည်း ဘယ်လိုမှ ချိန်ညှိလို့ မရတဲ့ ပိတ်ဆို့မှုတစ်ခုဖြစ်ပါတယ်။”ဟု မထိုက်ထိုက်အောင်က ဆက်လက် ပြောဆိုသည်။

အလားတူ “အသံ”အဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံအတွင်း အင်တာနက်ဖြတ်တောက်မှု တစ်နှစ်ပြည့်တွင် အွန်လိုင်း  လှုပ်ရှားမှု(ကဲန်ပိန်း)တစ်ခုကိုလည်း ယနေ့ ပြုလုပ်ခဲ့ကြရာ မီဒီယာနှင့် အရပ်ဖက်အဖွဲ့အစည်းများကလည်း “အင်တာ နက်ဖိနှိပ်မှု ဆန့်ကျင်ကြ” စာသားပါရှိသည့် တီရှပ်အင်္ကျီဝတ်ဆင်ကာ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ထို့အပြင် Zoom meeting တစ်ခု ပြုလုပ်ကာ အများပြည်သူ သိရှိနိုင်ရန် ၎င်းတို့အဖွဲ့၏ အွန်လိုင်းစာမျက်နှာမှ Live လွှင့်ပေးခဲ့သည်။

ယခု ၂၀၂၀ခုနှစ်၊ မတ်လ တတိယပတ်တွင် ရခိုင်ပြည်နယ်အခြေစိုက် Development Media Group-DMG နှင့် နိရဉ္စရာသတင်းဌာနတို့၏ အင်တာနက်သတင်းစာမျက်နှာများအပြင် ကရင်ပြည်နယ်အခြေစိုက် ကရင်သတင်းဌာန၏  အင်္ဂလိပ်ပိုင်း အင်တာနက်စာမျက်နှာတို့မှာလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(Ministry of Transport and Communication – MoTC)၏ သတင်းမှားများ ထုတ်ဝေဖြန့်ချိမှုနှင့် လိင်ဖျော်ဖြေရေး အင်တာနက်  စာမျက်နှာများကို တားမြစ်ပိတ်ပင်သည့် ညွှန်ကြားချက်ကြောင့် MPT, Telenor, Ooredoo, Mytel တို့၏ မိုဘိုင်းလ် အင်တာနက်လိုင်း အသုံးပြုက ဝင်ရောက်ဖတ်ရှု၍မရဘဲ ဖြစ်နေခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

ယမန်နှစ် ဇွန်လ ၂၀ရက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန(MoTC)မှ ပြည်တွင်းရှိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် MPT, Mytel, Telenor နှင့် Ooredoo များထံသို့ ရခိုင်ပြည်နယ်နှင့် ချင်းပြည်  နယ်များရှိ ပဋိပက္ခဖြစ်ပွားနေသော မြို့နယ်များတွင် ဇွန်လ (၂၁)ရက်နေ့ မြန်မာစံတော်ချိန် ည (၁၀)နာရီမှစ၍ အင်တာနက်ဖြတ်တောက်ရန်ဟူသော အမိန့်တစ်ရပ်ကို ပေးပို့ခဲ့သည်။

ထိုအမိန့်အား ပြည်ထောင်စုအစိုးရ၏ ထောက်ခံမှုဖြင့် ၂၀၁၃ခုနှစ်၊ ဆက်သွယ်ရေးဥပဒေပုဒ်မ(၇၇)အပေါ် အခြေခံ၍  လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ယင်းသို့ပိတ်ဆို့ရခြင်းမှာ ၎င်းဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး ဖော်ဆောင်ထိန်းသိမ်းရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးစိုးသိန်းက ရှင်းလင်းပြောကြားထားခဲ့သည်။

သို့သော် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ကန့်သတ်၊ နှောင့်ယှက်ခြင်းမခံရဘဲ အင်တာနက် အဆက်မပြတ်   ရရှိရေးသည် အခြားလူ့အခွင့်အရေးများ ရရှိရေးအတွက် အခြေခံ အခွင့်အရေးတစ်ခုဖြစ်ကြောင်း ၂၀၁၈ခုနှစ်တွင်  နောက်ဆုံးထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်များ၌ အတိအလင်း  ဖော်ပြထားပြီးဖြစ်သည်ဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...