ဇူလိုင်ပထမပတ်တွင် ပိုး၊ စကော ဒုတိယတန်းသင်ရိုးသစ်မွမ်းမံသင်တန်း ဧရာဝတီ စာ/ယဉ် ဖွင့်မည်

ဇူလိုင်ပထမပတ်တွင် ပိုး၊ စကော ဒုတိယတန်းသင်ရိုးသစ်မွမ်းမံသင်တန်း ဧရာဝတီ စာ/ယဉ် ဖွင့်မည်

စောထွန်းလင်း — ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ၌ သင်ကြားမည့် ပိုး၊ စကော ဒုတိယတန်း သင်ရိုးညွန်းတမ်း အတွက် ဆရာ၊ဆရာမများ မွမ်းမံသင်တန်းကို ဇူလိုင် ပထမအပတ်အတွင်း ဖွင့်လှစ်သွားမည်ဟု ဧရာဝတီတိုင်းဒေသ ကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဌ မန်းအိုင်ခလိန်က ကေအိုင်စီသို့ ပြောသည်။

မွမ်းမံသင်တန်းကို ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအဆင့် ကရင် စာ/ယဉ်နှင့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အဆင့် စာ/ယဉ်များက ဇွန်လ ၂၀ရက်နေ့ နံနက်ပိုင်းမှ မွန်းလွဲပိုင်းထိ အွန်လိုင်းအစည်းအဝေး (Zoom Meeting) ပြု လုပ်ကာ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မန်းအိုင်ခလိန်က “အစိုးရထုတ်ပြန်ထားတဲ့ ကိုဗစ် ကာကွယ်ရေး အစီအမံတွေအတိုင်း သေချာပြင်ဆင်လိုက်နာပြီး  တော့ လာမဲ့ ဇူလိုင် ပထမအပတ်အတွင်းမှာ ပိုး၊ စကော ဒုတိယတန်းသင်ရိုး ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းကို ပုသိမ်မြို့မှာပြုလုပ်သွားဖို့ ရှေ့လုပ်ငန်းစဉ်အနေနဲ့ ဆွေးနွေးဆုံးဖြတ်လိုက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါသင်တန်းသို့ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် ဆရာ၊ ဆရာမ ၆၀ဦး တက်ရောက်ရန်ရှိသ ကဲ့သို့ ၎င်းဆရာ၊ ဆရာမများ၏ သွားလာစရိတ်အတွက် သက်ဆိုင်ရာ မြို့နယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီများက ကူညီပံ့ပိုးပေးသွားမည်ဖြစ်သည်။ သင်တန်းစရိတ်ကိုမူ ဧရာဝတီတိုင်းဒေသကြီး၏ ကရင်ရေးရာဝန်ကြီးက အစိုးရ ဘတ်ဂျက်ထဲမှ ထုတ်ပေးရန် စီစဉ်ထားသည်ဟု မန်းအိုင်ခလိန်၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်း စာ/ယဉ် ဗီဒီယိုကွန်းဖရန့်စင်း အစည်းအဝေးတွင် ကိုဗစ်ကာလ အခြေခံပညာစာသင်ကျောင်းများ ပြန် ဖွင့်ချိန်၌ စာပေသင်ကြားရေး၊ ဆရာ၊ ဆရာမများ ပံ့ပိုးရေးအပိုင်းကို အဓိကထားဆွေးနွေးခဲ့ကြရာ ကျောင်းအပ်ရာ တွင်လည်း တိုင်း စာ/ယဉ်က ထုတ်ပြန်ထားသည့်အတိုင်း ကရင်ကလေးငယ်များ၏နာမည်များတွင် စ၊ စော၊ နန့်၊  နော် ထည့်သွင်းရေးအတွက် အလေးထားဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း အစည်းအဝေးပါဝင်ခဲ့သူများက  ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို ပြီးခဲ့သည့် မတ်လ အတွင်းက ကျင်းပရန် ရည်ရွယ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရသည်။ ထို့နောက် ဇွန်လ ၁၃ရက်နေ့တွင် အွန်လိုင်း ဗီဒီယိုကွန်ဖရန့် အစည်းအဝေးပြုလုပ်ခဲ့ပြီး ဇွန်လ ၂၀ ရက်နေ့ ထပ်မံ ပြုလုပ်ခြင်းဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...