ပုဏ္ဏားကျွန်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းစစ်နေသည့် တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရဟု ဒေသခံများဆို

ပုဏ္ဏားကျွန်းမြို့နယ်တွင် အိမ်ထောင်စုစာရင်းစစ်နေသည့် တပ်မတော်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရဟု ဒေသခံများဆို

ဆောင်းဇာခြည် - ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းကျေးရွာအနီး ဇွန်လ ၁၄ ရက် နေ့က တပ်မတော်စစ်ကြောင်း တစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း ကျေးရွာသားများ ပြောပြချက်အရ သိရသည်။

အဆိုပါ တပ်မတော်စစ်ကြောင်းမှာ ဇွန်လ ၁၄ ရက် နံနက် ၈ နာရီခန့်က ငှက်ကြီးကျွန်းကျေးရွာသို့ ဝင်ကာ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနှင့် လူဦးရေတို့ကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ထွက်ခွာသွားစဉ် ညနေ ၅ နာရီကျော်က ငှက်ကြီးကျွန်းကျေးရွာ၏ ၃ ဖာလုံခန့်အကွာ တန်းခိုးကျေးရွာသို့ မရောက်မီ မိုင်းဆွဲခံလိုက်ရခြင်း ဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“စစ်သားတွေ ကျွန်တော်တို့ရွာက ထွက်သွားတုန်း မိုင်းပေါက်တာပါ။ ဘယ်က မိုင်းဖောက်တာလဲတော့ မသိဘူး။ ပေါက်ကွဲသံကတော့ တစ်ခါတည်းပါ။ စစ်သားတွေ အထိခိုက်ရှိလား။ အဲဒါတော့ မသိဘူး” ဟု ယင်းရပ်မိရပ်ဖက နိရဉ္စရာသို့ ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ငှက်ကြီးကျွန်းကျေးရွာအတွင်း အိမ်ထောင်စု၊ မှတ်ပုံတင်၊ ကျေးရွာ လူဦးရေ၊ အိမ်ခြေ၊ စက်လှေနှင့် ဆိုင်ကယ်ယာဉ်အရေအတွက်တို့အား စစ်ဆေးမေးမြန်းခဲ့ကြောင်း နောက်ထပ်ကျေးရွာသား တစ်ဦးက ပြောသည်။

၎င်းကျေးရွာသားက “မနေ့က သူတို့ ရွာက မွန်းလွဲ ၁၂လောက်မှာ စစ်ဆေးပြီး ထွက်သွားတယ်။ ဒီကထွက်ပြီး သူတို့ တန်းခိုးဘက်သွားတာလား မသိဘူး။ ပေါက်ကွဲသံတော့ ကြားတယ်။ ရွာမှာ မိန်းမ ဘယ်နှစ်ယောက်၊ ၁၈ နှစ်အောက်က မိန်းမ၊ ယောက်ကျား ဘယ်လောက်ရှိလဲ။ ဒါတွေလည်း စစ်ခဲ့ပါတယ်။”

ယင်းတပ်မတော်စစ်ကြောင်းမှာ အင်အား ၁ဝဝ ကျော်ခန့်ရှိကြောင်းလည်း ကျေးရွာလူကြီးများ ပြောပြချက်အရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ “ မိုင်းခွဲတာလို့ သိရပါတယ်။ စစ်တပ်ဘက်က အထိခိုက်တော့ မသိပါဘူး။ အဲဒီနားမှာ စစ်တပ်က ကွမ်းတောင်တို့၊ ပဒေသတို့ ငှက်ကြီးကျွန်းတို့ဘက်မှာ လူစာရင်းတွေ ဝင်စစ်နေတာ နှစ်ရက်၊ သုံးရက်လောက် ရှိပါပြီ။ ပေါက်ကွဲတဲ့နေရာက အဲဒီ ငှက်ကြီးကျွန်းအနီးက လမ်းမှာပေါ့။ အဲဒီလမ်းက ကားတွေလည်း သွားလို့ရပါတယ်။ လမ်းမကြီးတော့ မဟုတ်ဘူး။” ဟု ပြောသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဖုန်းဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။

ယခုနှစ် ဇွန်လ ၂ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ကင်းချောင်းတံတားအနီး လုံခြုံရေးကင်းလှည့်သည့် တပ်မတော် စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့၍ တပ်မတော်သားအချို့ ထိခိုက်မှု ရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့၊ နားဒေါင်းကျကျေးရွာမှ ဦးဇော်မင်းဦး (၃၈) နှစ်မှာ သေဆုံးသွားပြီး ၎င်းနှင့်အတူပါသူ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ဦးဝင်းနိုင်စိုး (၄၇) နှစ်မှာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...