ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်စစ်

ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်စစ်

ချစ်အိလှိုင် — အိမ်ခြေ ၇ဝဝ ကျော်၊ လူဦးရေ ၄၂ဝဝ ခန့်ရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာအတွင်းသို့ တပ်မတော် စစ်ကြောင်းတစ်ခု ဇွန်လ ၁၃ ရက်နေ့က ဝင်ရောက်လာပြီး အိမ်ထောင်စု စာရင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ကွမ်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်သန်းမောင်က “ အိမ်ထောင်စုစာရင်းတွေ စစ်တယ်။ ပြီးတော့ ရွာက ကလေးတွေကို ရက္ခိုင့်တပ်တော် AA ကို မသွားဖို့နဲ့ သူတို့ကို ရွာထဲမှာ လက်မခံဖို့ပြောတယ်။ တစ်ခြား ဘာမှ မလုပ်ခဲ့ပါဘူး” ဟု ပြောသည်။

အဆိုပါစစ်ကြောင်းသည် နံနက် ၅ နာရီခန့်တွင် ဝင်ရောက်ပြီး နေ့လယ် ၁ နာရီခန့်တွင် ပြန်ထွက်သွားကြောင်း ၎င်းက ပြောကြားသည်။

ကွမ်းတောင်ကျေးရွာမှ ပရဟိတအလုပ်များ လုပ်ဆောင်နေသည့် ရွာသားတစ်ဦးက “ ရွာက ငမဲဦးက စိတ်လည်း သိပ်မှန်တာမဟုတ်ဘူး။ သူ့ကိုခေါ်စစ်တယ်။ ပြီးတော့ ငါးဖမ်းပိုက်ချတဲ့ အလုံးချေကိုလည်း အိမ်ထောင်စု စာရင်းမှာလည်းမပါ၊ လက်မှာလည်း ဆေးမင်ကြောင် Arakan လို့ ထိုးထားလို့ မသင်္ကာလို့ ခေါ်စစ်တယ်လို့ သိရတယ်။ သူတို့ကိုကားလမ်းကနေ ပြန်လွတ်ပေးလိုက်ပြီ။ မေးမြန်းပြီး ပြန်လွတ် ပေးလိုက်တာ”ဟု ပြောသည်။

ခေါ်ယူစစ်ဆေခံရသူ နှစ်ဦးမှာ ကိုငမဲဦး(၃ဝ)နှစ်နှင့် အမြင့်ကျွန်းကျေးရွာမှ ကွမ်းတောင်ကျေးရွာတွင် အိမ်ထောင်ကျနေသူ ကလေး ၂ ဦးဖခင် ကိုအလုံးချေ (၂၇)နှစ်တို့ဖြစ်ကြောင်း သိရသည်။

“သူတို့က မနက်အိမ်တိုင်းကို ဝင်စစ်တယ်။ ကျွန်တော့အိမ်ထဲကို စစ်သားရှစ်ယောက် လက်နက်အပြည့်နဲ့ အိမ်ထဲဝင်တယ်။ အိမ်ထောင်စုစာရင်းကိုကြည့်တယ်။ ဘာအလုပ်လုပ်လဲမေးတယ်။ တခြားအိမ်တွေကိုတော့ အိမ်အခန်းထဲတွေ ဝင်စစ်တယ်ပြောတယ်။ ကျွန်တော့ အိမ်ကိုတော့ အိမ်ခန်းထဲထိ ဝင်မစစ်ခဲ့ပါဘူး ” ဟု ၎င်းက ဆက်လက် ပြောသည်။

ကွမ်းတောင်ကျေးရွာအတွင်း စစ်ကြောင်း ဝင်ရောက်စစ်ဆေးသည်မှာဟုတ်မှန်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အတည်ပြုပြောကြားသည်။

“လဝကနဲ့ ရဲတော့မပါဘူးလို့ကြားတယ်။ အမြင့်ကျွန်းက အိမ်ထောင်ကျနေတဲ့ တစ်ယောက်ကို ခေါ်ထားတယ် ကြားတယ်။ သူမှာက အိမ်ထောင်စုစာရင်းမရှိဘူး။ နောက်ထပ် စိတ်မနှံ့တဲ့ တစ်ယောက်လည်း ခေါ်သွားတယ် ဆိုပြီး ရွာသားတွေပြောတယ်။ နောက်ပိုင်း ပြန်လွှတ်တယ်လို့ ကြားတယ်။ အဓိကက ဧည့်သည်ရှိ မရှိစစ်တာနေမှာ” ဟုပြောသည်။

ကွမ်းတောင်ကျေးရွာသည် ဇွန်လ ၁ဝ ရက်နေ့ နံနက်က ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင် တည်ရှိသဖြင့် ရွာထဲကို ဝင်ရောက်စစ်ဆေးခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...