မြောက်ဦး တိန်ညိုစစ်ဘေးရှောင်စခန်းကို တပ်မတော်စစ်ကြောင်း ဝင်ရောက်စစ်ဆေး၊ စစ်တွေ-ရန်ကုန်ကားလမ်း ၄ နာရီကြာ အသွားအလာရပ်

မြောက်ဦး တိန်ညိုစစ်ဘေးရှောင်စခန်းကို တပ်မတော်စစ်ကြောင်း ဝင်ရောက်စစ်ဆေး၊ စစ်တွေ-ရန်ကုန်ကားလမ်း ၄ နာရီကြာ အသွားအလာရပ်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုစစ်ဘေးရှောင်စခန်းကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီက တပ်မတော် စစ်ကြောင်းတစ်ခုမှ ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီး ကားတစ်လျှောက်နန့် စခန်းပတ်ဝန်းကျင်တွင် တပ်ဖြန့်ကျက် ချထားသဖြင့် စစ်တွေ-ရန်ကုန် ကားလမ်းလည်း လေးနာရီ နီးပါး ပိတ်မိနေခဲ့သည်ဟု သတင်းရရှိသည်။

၎င်း တပ်မတော်စစ်ကြောင်းသည် တိန်ညိုစစ်ဘေးရှောင် စခန်းရှိ အမျိုးသားများကို အိမ်ထောင်စု စာရင်းနှင့် ကိုက်ညီမှု ရှိ/ မရှိကို အဓိကထား စစ်ဆေးပြီး အိမ်ထောင်စု လူဦးရေ စာရင်းများကိုလည်း စစ်ဆေးသည်ဟု အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“စစ်ကြောင်းဝင်လာတာနဲ့ မိသားစုတချို့ထွက်ပြေးကြတယ်။ အမျိုးသားတွေရှိတဲ့ အိမ်ထောင်စုတွေကို အိမ်ထောင်စုစာရင်းစစ်တယ်။ ဖမ်းတာဆီးတာတွေတော့မလုပ်သေးပါဘူး။ အိမ်အခန်းတိုင်းကိုစစ်တယ်။ စစ်ကြောင်းစခန်းထဲမှာပဲရှိနေပါသေးတယ်။ တခြားဘာမှ မလုပ်သေးပါဘူး” ဟု နံနက် ၈ နာရီခွဲခန့်ကပြာသည်။

ထိုသို့ စစ်ဆေးနေစဉ် တိန်ညို စစ်ဘေးရှောင် စခန်းရှေ့ရှိ ကားလမ်းမပေါ်တွင် စစ်သားများ လုံခြုံရေး ယူထားသဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းတစ်ဘက်တစ်ချက်တွင် ကားများ ပိတ်မိသွားခဲ့သည်ဟု ဆိုသည်။

ဒေသခံ တစ်ဦးက“ စစ်သားတွေ အများကြီး စခန်းရှေ့က လယ်ကွင်းတွေမှာ နေရာယူထားတာတွေ့တော့ ကားသမားတွေ မဖြတ်ရဲဘူး။ မြောက်ဦးဘက်ကနေ စစ်တွေကို လာတဲ့ကား၊ ကျောက်တော်ဘက်က မြောက်ဦး- ရန်ကုန်ကို သွားတဲ့ ကား ဟိုဘက် ဒီဘက်ပိတ်မိကုန်တယ်။ မနက် ၁ဝ နာရီမှာတော့ လမ်းကို ပြန်ဖွင့် ပေးလိုက်ပါတယ်။ အခုတော့ သွားနေကြပါပြီ။ စစ်ဘေးရှောင် စခန်းထဲမှာတော့ စစ်ကြောင်း စစ်ဆေးနေတုန်းပါ” ဟု ပြောကြားသည်။

တိန်ညိုကျေးရွာ ရပ်ကျေးရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးမောင်ငန်းက တိန်ညိုစစ်ဘေးရှောင်စခန်းအား တပ်မတော် စစ်ကြောင်း ဝင်ရောက်စစ်ဆေးနေသည်မှာ ဟုတ်မှန်ကြောင်းပြောသည်။

“စစ်သားတွေဝင်လာတယ်လို့သိရတယ်။ အိမ်ထောင်စုစာရင်းတွေ စစ်နေတယ်ပြောတယ်။ စစ်ကြောင်း မထွက်သေးဘူး။ အခုထိရှိနေသေးတယ်လို့ပြောတယ်။ စခန်းထဲက လူတွေကတော့ ကြောက်နေကြတာပေါ့” ဟု မနက် ၉ နာရီကျော်က ဆက်သွယ်စဉ် ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က တိန်ညိုစစ်ဘေးရှောင်စခန်းအား တပ်မတော် စစ်ကြောင်း ဝင်ရောက်စစ်ဆေးနေသည်မှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

တိန်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၄၇ စုရှိပြီး လူဦးရေ ၃၂၁၂ ဦးတို့ နေထိုင်ကြောင်း သိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...