လုံခြုံရေးကြောင့် အပေါက်ဝတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများကို ကျောက်တော်မြို့ပေါ်သို့ အရေးပေါ်ပြောင်းရွှေ့

လုံခြုံရေးကြောင့် အပေါက်ဝတိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများကို ကျောက်တော်မြို့ပေါ်သို့ အရေးပေါ်ပြောင်းရွှေ့

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများအား လုံခြုံရေး အခြေအနေအရ ကျောက်တော်မြို့ရှိ ဆေးရုံကြီးသို့  အရေးပေါ် ပြောင်းရွှေ့လိုက်သည်ဟု သတင်းရရှိသည်။

ဇွန်လ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်က လူနာတင်ကား ၃ စီးဖြင့် ကျောက်တော်ဆေးရုံသို့ ပြောင်းရွှေ့လိုက်ခြင်း ဖြစ်ကြောင်း အပေါက်ဝတိုက်နယ်ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းတစ်ဦးက ပြောသည်။

၎င်း ကျန်းမာရေးဝန်ထမ်းက “စစ်သား တစ်ချို့က တိုက်နယ်ဆေးရုံအနီးအနားမှာ ရှိနေကြတော့ လူနာတွေကလည်း ကြောက်ကြတယ်။ အဝေးကလာတဲ့ သူနာပြုတွေဆိုလည်း ကြောက်ကြတယ်ပေါ့နော်။ နီးကပ်နေတော့လေ။ ကြောက်လို့ပေါ့။ မလုံခြုံဘူးပေါ့နော်။ အဲဒါကြောင့် ဆရာဝန်ရောပဲ၊ တစ်ခါတည်း ပြောင်းကြတာပါ။ လူနာ ၉ ယောက်ရှိတဲ့ထဲက ၆ ယောက်က သက်သာနေပြီမို့ သူတို့အိမ်ကို ပြန်ခိုင်း လိုက်တယ်။ ကျန်တဲ့ လူနာ ၃ ယောက်နဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကျောက်တော်ကို ပြောင်းလာ ကြပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

အပေါက်ဝတိုက်နယ်ဆေးရုံသည် (၁၆) ကုတင်ဆံ့ဆေးရုံတစ်ရုံဖြစ်ပြီး အပေါက်ဝတိုက်နယ်အတွင်းရှိ ကျေးရွာပေါင်း ၆ဝ ခန့် အားထားနေရသည့်ဆေးရုံဖြစ်သည်ဟု သိရသည်။

“ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေရော၊ လူနာတွေရော အကုန် ကျောက်တော်မြို့ပေါ်ကို ပြောင်းသွား ကြတာပါ။ စစ်သားတွေက အဲဒီဆေးရုံနဲ့ အနီးအနားမှာ ရှိနေတယ်။ လုံခြုံရေးအရ စိုးရိမ်ရတယ်။ ရွာသားတွေအချို့လည်း ထွက်ပြေးနေကြတယ် ”ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးကလည်း နိရဉ္စရာသို့ ပြောသည်။

ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်သို့ ဖုန်းဖြင့် ဆက်သွယ်ရာ ၎င်းက "ကျနော်တို့က ကိုဗစ်နဲ့ပတ်သက်ပြီး အစည်းဝေး သွားတက်နေတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မသိသေးဘူး"ဟု ပြောသည်။

အပေါက်ဝကျေးရွာတွင် ယခုတစ်ရက်နှစ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အပေါက်ဝကျေးရွာ၊ ပင်မရပ်ကွက်မှ ဦးမောင်လှကျော် (၃၅) နှစ်၊ ပြားမူဆလင် ရပ်ကွက်မှ ဦးဇော်ကီရာမောတ် (၃၂) နှစ်နှင့် အပေါက်ဝ ရွာသို့ လာလည်သူ မာန်အောင်မြို့နယ် လေးတောင်ကျေးရွာမှ ကိုအောင်အောင် (၁၉) နှစ်တို့မှာလည်း ကျည်ထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။

အပေါက်ဝကျေးရွာ ချောင်းဝရပ်ကွက်မှ ဦးဝေလှမောင် (၃၅) နှစ်နှင့် ပြိန်းချောင်းကျေးရွာမှ ဦးမဲလှ (၃၅) နှစ်တို့ကိုလည်း အဆိုပါ စစ်ကြောင်းက အပေါက်ဝရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရသည်။

ယင်းနောက် ဇွန်လ ၁၁ ရက်နေ့ နံနက်မှစတင်ကာ လူဦးရေ ၁၃ဝ ခန့် ကျောက်တော်မြို့ပေါ်၊ ရွာသစ်ကေ၊ ကာဒီ၊ ခွဆုံ၊ ကြာညိုပြင်ကျေးရွာနှင့် စစ်တွေမြို့တို့ထံ ထွက်ပြေးသွားကြကြောင်း၊ ဇွန်လ ၁၂ ရက်နေ့ တွင်လည်း လုံခြုံရေးကို စိုးရိမ်၍ ကျေးရွာသား ၁၈ဝဝ ခန့်မှာ ထပ်မံ၍ ရွာကေ ထွက်ပြေးသွားကြကြောင်း ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

အပေါက်ဝကျေးရွာတွင် အိမ်ခြေ ၁၄ဝဝ ကျော်နှင့် လူဦးရေ ၈ဝဝဝ ကျော်ရှိကာ အထက်တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့ တည်ရှိသည့် ကျေးရွာကြီး တစ်ရွာဖြစ်ကြောင်း သိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...