မှတ်ပုံတင်မရှိသေးသည့် ကရင်လူဦးရေ မွန်ပြည်နယ်တွင် ၅၀,၀၀၀ ကျော်ရှိနိုင်ကြောင်း ကရင်ရေးရာဝန်ကြီး ပြော

မှတ်ပုံတင်မရှိသေးသည့် ကရင်လူဦးရေ မွန်ပြည်နယ်တွင် ၅၀,၀၀၀ ကျော်ရှိနိုင်ကြောင်း ကရင်ရေးရာဝန်ကြီး ပြော

နန်းဝေဖြိုးဇာ — မွန်ပြည်နယ် တစ်ပြည်နယ်လုံးအတိုင်းအတိုင်အတာအနေဖြင့် မှတ်ပုံတင်မရှိသေးသည့် ကရင်တိုင်းရင်းသားလူဦးရေ ၅၀,၀၀၀ (ငါးသောင်း)အကျော်အထိ ရှိနေနိုင်သေးကြောင်းမွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ်တွင် ကရင်လူမျိုးအများစု နေထိုင်သည့် ကျေးရွာအုပ်စု ၂၇၀ အုပ်စုကျော်ရှိပြီး ကျေရွာအုပ်စု အုပ်ချုပ်ရေးမှူးအချို့၏တင်ပြလာသည့် မှတ်ပုံတင်မရှိသူ ဦးရေစာရင်းအရ ထိုသို့ ပြောဆိုနိုင်ခြင်းဖြစ်ကြောင်း ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

ဝန်ကြီးက “ကျိုက်မရောမြို့နယ် မိကသစ်ကျေးရွာအုပ်စုတစ်ခုကို ကောက်ကြည့်လိုက်တဲ့အခါမှာ အဲဒီကျေးရွာ အုပ်စုမှာ လူဦးရေ တစ်ထောင်ကျော် မှတ်ပုံတင်ပြုလုပ်ဖို့ ကျန်ရှိတဲ့စာရင်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကစာရင်း တင်လာ တယ်။ ကျေးရွာအုပ်စုတစ်ခုထဲကိုပဲ တစ်ထောင်ကျော်ကျန်တော့ ကျိုက်မရောမြို့နယ် တစ်မြို့နယ်လုံးဆိုရင် အကြမ်းအား ဖြင့်က မှတ်ပုံတင်မရှိတာ ငါးထောင်ကျော်ရှိနိုင်တယ်။ ကရင်လူဦးရေများတဲ့ သထုံတို့၊ ဘီးလင်းတို့ဆိုရင်တော့ အဲလောက် များနိုင်တယ်။ ၁၀ မြို့နယ်လုံး ခန့်မှန်းခြေအရဆိုရင် ငါးသောင်းကျော်မကရှိနိုင်တယ်လို့ အကြမ်းဖျင်းခန့်မှန်းနိုင်တာပေါ့” ဟု ပြောသည်။

အဆိုပါ မှတ်ပုံတင်မရရှိသေးသူများမှာ အသက် ၁၅ နှစ်မှစပြီး သက်ကြီးရွယ်အိုများအထိပါဝင်ကာ အများစုမှာ လမ်း ပန်းဆက်သွယ်ရေးကြောင့် ရုံးအထိသွားရောက်မပြုလုပ်ချင်သူများရှိသလို အချို့မှာကျေးရွာအုပ်စုအတွင်း ကွင်းဆင်း မှတ်ပုံတင်ပြုလုပ်ပေးသည့်အချိန်တွင် အခြေအနေမျိုးမျိုးကြောင့် မပြုလုပ်ဖြစ်ကြသူများလည်း ရှိနေသည်ဟု သိရသည်။

“ကျနော်တို့ ကရင်တွေအများစု ကျနော်တွေ့တာက လဝကရုံးကိုသွားဖို့ ခရီးကအရမ်းဝေးတယ်။ သွားလုပ်တော့ စာရွက် စာတမ်းလိုအပ်တော့ နောက်တစ်ခေါက်ပြန်သွား၊ ပြန်လုပ်အခေါက်ရေများတော့ သွားလာစရိတ်တွေက ပိုကုန်လာတယ်။ တချို့လဝကဝန်ထမ်းက သူတို့တွေကို အပြည့်အဝမပေးနိုင်တဲ့ ဝန်ဆောင်မှှုရှိရင်လည်းရှိနိုင်တော့ မသွားလုပ်ချင်ကြတာ လည်းရှိမယ်။ မှတ်ပုံတင်မရှိရင် နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး ဆုံးရှှုံးမှှုတွေတော့ရှိမှာပဲ။ ကိုယ်တိုင်မသွား လုပ်တတ်ရင် လွှတ်တော်ကိုယ်စားလှယ်၊ ပါတီဝင်တွေ၊ အရပ်ဖက်အဖွဲ့တွေအကူညီတောင်းလို့ရပါတယ်” ဟု ဝန်ကြီးစော အောင်မြင့်ခိုင်က ပြောသည်။

အဆိုပါ အခြေအနေများကြောင့် မှတ်ပုံတင် ပြုလုပ်ရန် ကျန်ရှိသေးသည့် ကရင်တိုင်းရင်းသားများအတွက် မှတ်ပုံတင်ရ ရှိနိုင်ရန် လူဝင်မှှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက )နှင့် ဆွေးနွေးညှိနှှိုင်း၍ အစီအစဉ်ရှိနေကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်များ ရောနှောအုပ်ချုပ်သည့် နယ်မြေများတွင်လည်း လိုအပ်ပါက ညှိနှိုင်းဆောင်ရွက်သွားရန်ရှိသည်ဟုလည်း ဝန်ကြီးက ဆက်ပြောသည်။

KNU - ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က “ကျနော်တို့ဒေသမှာ မှတ်ပုံတင်မရှိသေးတဲ့ ကရင်လူထုတွေအများကြီး၊ တစ်ချို့က နိုင်ငံခြားမှာအလုပ်သွားလုပ်တဲ့အခါ မှတ်ပုံတင်က မဖြစ်မနေလိုတယ် ။ တချို့က ရုံးမှာ တိုက်ရိုက်သွားလုပ်တော့ သူတို့အတွက်အခက်အခဲတွေတွေ့ရတယ်။ ကျနော်တို့ဘက်က ပြောထားတယ်၊ အခက် အခဲရှိရင် KNU ဆက်ဆံရေးရုံးကနေတစ်ဆင့် သွားခိုင်းတယ်။ အဲလိုသွားရင် အခက်အခဲတော့ သိပ်မတွေ့ရဘူး။ အဓိက တော့ ကုန်းတစ်တန်ရေတစ်တန်လာရတော့ သူတို့သိပ်မလာလုပ်ချင်ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

မွန်ပြည်နယ်တွင် သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ အပေါင်၊ ရေး၊ ကျိုက်ထို၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ မော်လမြိုင် နှင့် မုဒုံ စ သည့် မြို့နယ် ၁၀မြို့နယ်ရှိကာ မြို့နယ်တိုင်းတွင် ကရင်လူမျိုးများနေထိုင်လျက်ရှိပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စာ ရင်းအရ ကရင်လူဦးရေ သုံးသိန်းနီးပါးရှိသည်ဟု မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၏ ပြောပြချက်များအရ သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...