UNHCR နှင့် Unilever တို့ပူးပေါင်း၍ ပြည်နယ် ၅ခုရှိ IDPs အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများ လှူဒါန်းမည်

UNHCR နှင့် Unilever တို့ပူးပေါင်း၍ ပြည်နယ် ၅ခုရှိ IDPs အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများ လှူဒါန်းမည်

COVID-19 ကာကွယ်တားဆီးရေးအတွက် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာအေဂျင်စီ(UNHCR) နှင့် Unilever တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ပြည်နယ်(၅) ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ နေထိုင်ရသူများ (IDPs) အတွက် တစ်ကိုယ် ရေသန့်ရှင်းမှု ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း ဇွန်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်လိုက်သည်။

တစ်ကိုယ်ရေ သန့်ရှင်းမှု ကုန်ပစ္စည်းများ အဓိကထုတ်လုပ်သည့် နိုင်ငံတကာ ကုမ္ပဏီတစ်ခုဖြစ်သော Unilever မှ ဆပ်ပြာခဲ ခြောက်သိန်းကျော်(၆၀၈,၀၀၀)ကို UNHCR အား ပေးပို့လှူဒါန်းခဲ့ရာ ထိုမှတဆင့် ကချင်၊ ကယား၊ ကရင်၊ သျှမ်း(ရှမ်း)မြောက် နှင့် ရခိုင်စသည့် ပြည်နယ် (၅) ပြည်နယ်ရှိ နေရပ်စွန့်ခွာပြည်သူများနှင့် ၎င်းတို့ကို အကူအညီပေး နေသည့် အဖွဲ့အစည်းများကို ပေးပို့လှူဒါန်းသွားမည်ဟု သိရသည်။

နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရသူများသည် လူမှုအသိုက်အဝန်းတွင် ထိခိုက်နစ်နာမှုလွယ်ဆုံးသူများနှင့် ရှောင် ဖယ်ခြင်း ခံရဆုံးသူများဖြစ်ကြပြီး အထူးသဖြင့် လက်ရှိ ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ၎င်းတို့အနေဖြင့် လူဦးရေထူထပ်၍ နီးကပ်စွာ နေထိုင်ကြရခြင်းဖြစ်၍ အန္တရာယ်ရှိပြီး ရေ၊ သန့်ရှင်းရေး စနစ်များနှင့် ကျန်းမာရေးဝန်ဆောင်မှုကို လက်လှမ်းမီရန် ခက်ခဲသည်ဟု UNHCR က ဆိုသည်။

UNHCR ၏ မြန်မာ ယာယီဌာနေကိုယ်စားလှယ် Cecile Fradot က “လက်ဆေးခြင်းက ရောဂါပျံ့နှံ့မှုကို ကာကွယ် တားဆီးပေးဖို့ အခြေခံအကျဆုံးဖြစ်ပြီး အထိရောက်ဆုံး နည်းလမ်းလည်းဖြစ်ပါတယ်။ အထိခိုက် လွယ်ဆုံးသူများအနေနဲ့ သူတို့ရဲ့ လက်တွေစင်ကြယ်အောင် ဆေးကြောခွင့်ရကြမယ်ဆိုရင် အသက် တွေကို လည်း ကယ်တင်နိုင်မှာဖြစ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင်ပြောဆိုထားသည်။

အလားတူ ၎င်းပေးပို့လှူဒါန်းမည့်ပစ္စည်းများကို နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများအပါအဝင် အခြားလိုအပ်သည့် ရပ်ရွာ လူထုများအပြင် ကျန်းမာရေးဌာနများနှင့် COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးဆောင်ရွက်နေသည့် ဒေသန္တရ အာဏာပိုင်များကိုပါ ကူညီပံ့ပိုးပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဆိုထားသည်။

ထိုသို့ နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် ပြည်နယ်များသို့ ပစ္စည်းများပေးပို့လှူဒါန်းရာတွင် ၎င်း နေရပ် ရှောင်ပြည်သူများကို အဓိက ကူညီပေးလုပ်ဆောင်နေသည့် အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား၊ အရပ်ဖက် ကျန်းမာရေးအဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးပို့လှူဒါန်းလျှင် ပိုမိုထိရောက်မည်ဖြစ်ကြောင်း တိုင်းရင်းသား ဒေသအတွင်း စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှု အဓိက ပေးနေသည့် နယ်လှည့် ကျောပိုးအိတ်ကျန်းမာရေး လုပ်သားအဖွဲ့ (BPHWT) ဒါရိုက်တာ စောဝင်းကျော် ကဆိုသည်။

၎င်းက “အဲ့လို ဆပ်ပြားခဲလို ပစ္စည်းတွေ တိုက်ရိုက်ရောက်နိုင်ဖို့က တတ်နိုင်သမျှ အစိုးရအဖွဲ့ဆီက တိုက်ရိုက်သွားမဲ့အစား ဒေသဆိုင်ရာအလိုက် အလုပ်လုပ်နေကြတဲ့ CBO, CSO တွေကတဆင့် သွားနိုင်ရင်ပို ကောင်းမယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ရင် ပိုကောင်းမယ်။ ဒေသတစ်ခုနဲ့တစ်ခုက အခြေ အနေ မတူဘူးလေ” ဟု ကေအိုင်စီသို့ ပြောသည်။

ယခု Unilever ၏ လှူဒါန်းမှုသည် ကမ္ဘာအနှံ့ရှိ ဒုက္ခသည်များနှင့် အခြားသော အတင်းအကြပ် နေရပ်စွန့်ခွာ ခံရသူများအ တွက် COVID-19 ကာကွယ်တားဆီးရေးဆောင်ရွက်နေသည့် UNHCR၏ စီမံကိန်းလုပ်ငန်းပေါင်း ၄၀ ကျော်ကို ဆပ်ပြာ ခွဲ သန်းပေါင်း (၃၀)ကျော်နှင့်အခြားပစ္စည်းများ ပံ့ပိုးပေးမည့် ကမ္ဘာလုံးဆိုင်ရာလှူဒါန်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ် သည်ဟု UNHCRက ထုတ်ပြန်ထားသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...