ရွာသားများကြောက်လန့်ထွက်ပြေးသွားကြသဖြင့် ကျည်ဆံထိမှန်သေဆုံးသူ ဒေါ်ဂျော်ဂျီမအသုဘကိုမိသားစုသုံးလေးယောက်နှင့်သာ သင်္ဂြိုလ်ခဲ့ရ

ရွာသားများကြောက်လန့်ထွက်ပြေးသွားကြသဖြင့် ကျည်ဆံထိမှန်သေဆုံးသူ ဒေါ်ဂျော်ဂျီမအသုဘကိုမိသားစုသုံးလေးယောက်နှင့်သာ သင်္ဂြိုလ်ခဲ့ရ

အိမ်စိုးဖြူ — စစ်တွေမြို့နယ်၊ အမြင့်ကျွန်းကျေးရွာမှ ကျည်ဆံထိမှန်သေဆုံးခဲ့သူ ဒေါ်ဂျော်ဂျီမ အသုဘကို ဇွန်လ ၁၀ ရက် နေ့လယ် ၁ နာရီခန့်က သင်္ဂြိုလ်ရာ မိသားစုဝင် သုံးလေးဦးဖြင့်သာ သင်္ဂြိုလ်လိုက်ရသည်ဟု ရပ်ရွာလူကြီးတစ်ဦးက ပြောသည်။

“ရွာကလူတွေအကုန်ထွက်ပြေးကုန်ကြပြီ။ နေ့လယ်ပိုင်းထိ စစ်သားတွေ အများကြီးပဲ ထပ်ရောက်လာတော့ တစ်ခုခု ဖြစ်မလားဆိုပြီး စိုးရိမ် ထွက်ပြေးသွားကြတာပါ။ စစ်သားတွေရောက်ပေမယ် အိမ်တွေကိုတော့ ဝင်မစစ်ပါဘူး။ ဒါပေမဲ့ ရွာသားတွေကကြောက်ကြတာပေါ့။ ဒေါ်ဂျော်ဂျီမ အသုဘချတော့ ရွာမှာ လူမရှိ တော့ဘူး။ မိသားစု သုံးလေးယောက်နဲ့ဘဲ သင်္ဂြိုလ်ခဲ့ရပါတယ် ”ဟု ဇွန်လ ၁၀ ရက် ညနေ ၃ နာရီခန့်က ၎င်းရပ်ရွာ လူကြီးက ပြောသည်။

အဆိုပါ အမြင့်ကျွန်းကျေးရွာတွင် နံနက် ညဉ့် ဝး၂ဝခန့် အချိန်တွင် တပ်မတော်ရေယာဉ်နှစ်စီး ဖြတ်သွားချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၉ဝ အရွယ် ဒေါ်ဂျော်ဂျီမ ကျည်ဆံထိမှန် သေဆုံးပြီး အမျိုးသမီး ၃ ဦး၊ အမျိုးသားတစ်ဦးနှင့် ရဲအရာရှိ တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ်အချို့ပျက်စီးခဲ့သည်။

ဒဏ်ရာ ရရှိသူများမှာ ၇ တန်းကျောင်းသူ မနန္ဒာဝင်း(၁၄)နှစ်၊ ဦးမောင်ကလိန်(၄၁)နှစ်၊ ဒေါ်မဆန်းရီ(၄၃)နှစ်၊ ဒေါ်မိုးနုစိန်(၆ဝ)နှစ်နှင့် ရဲအရာရှိ တစ်ဦးတို့ ဖြစ်ကြသည်။

၎င်းနောက်ပိုင်း နံနက် ၁ဝ နာရီ ခွဲခန့်၌ အင်အား ၂ဝဝ နီးပါးခန့်ရှိသည့် တပ်မတော် စစ်ကြောင်းတစ်ခု ကျေးရွာ အတွင်းသို့ ဝင်ရောက်လာခဲ့သည်ဟု အမြင့်ကျွန်းကျေးရွာမှ ဒေါ်ဦးကျော့စိန်က ပြောသည်။

“စစ်သားတွေ တွေ့ခဲ့တယ်။ သေသွားတဲ့ အဖွားဂျော်ဂျီမ နာရေးကို သွားကြည့်တဲ့အပြန်မှာ စစ်သားတွေ ရွာလမ်းမမှာထိုင်နေကြတယ်။ ရွာကလူတွေမြို့ကိုပြေးနေကြတယ်။ ဒီမှာ မနေရဲလို့ထွက်ပြေးနေကြတယ်။ အဖွားတော့ မပြေးဘူး ကျန်ခဲ့မယ်” ဟု သူမကပြောသည်။

၎င်းကျေးရွာအတွင်းတွင် ရွာသားအချို့သာအိမ်စောင့်ရန်ကျန်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးငယ်များ၊ လူငယ်၊ လူလတ်ပိုင်းများမှာ ထွက်ပြေးသွားကြကြောင်း ၎င်းကျေးရွာမှ အမည်မဖော်လိုသူ ရွာလူကြီးတစ်ဦးက ပြောသည်။

၎င်းအမြင့်ကျွန်းကျေးရွာတွင် အိမ်ထောင်စု ၄ဝဝ နီးပါးရှိ၍ လူဦးရေတစ်ထောင်ကျော်ခန့်ရှိပြီး ၎င်းကျေးရွာသား အများစုမှာနီးစပ်ရာဆွေမျိုးများရှိရာနေရာများနှင့် စစ်တွေမြို့သို့ ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း ဒေသခံများမှ သိရသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...