KNUနှင့် ကရင်ပါတီများ ငြိမ်းချမ်းရေး ဖြစ်စဉ် နှင့် လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်း မှုပြုလုပ်ခဲ့

KNUနှင့် ကရင်ပါတီများ ငြိမ်းချမ်းရေး ဖြစ်စဉ် နှင့် လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်း မှုပြုလုပ်ခဲ့

KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုခေါင်းဆောင်များနှင့် ကရင်နိုင်ငံပါတီခေါင်းဆောင်များ၊ ကရင်လူငယ်များပါဝင်၍ ရှေ့ဆက်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ညှိ နှိုင်းသည့် အွန်လိုင်း(Online Meeting) အစည်းအဝေးတစ်ခု ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ နောက်ဆုံးအခြေအနေများ၊ စိန်ခေါ်မှုများကို နှီးနှောဖလှယ်ခဲ့ကြပြီး နိုင်ငံရေးပါတီ၏ အခန်းကဏ္ဍများနှင့် လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သွားနိုင်သည့် လုပ်ငန်းစဉ် များကို အဓိက ဆွေးနွေးခဲ့ကြကြောင်း KNU အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက ပြောသည်။

“ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအရ ၂၀၂၀အလွန် တက်လာမယ့် အစိုးရအတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပတ်သက် ပြီးတော့မှ နိုင်ငံရေး ဆွေးနွေးပွဲနဲ့  ငြိမ်းချမ်းရေးအတွက် အာမခံချက်ရှိဖို့အတွက် ပြုလုပ်ကျင်းပမဲ့ UPC( ပြည် ထောင်စုညီလာခံ) အခင်းအကျင်းနဲ့ UPCက ကျင်းပဖို့ လိုအပ်မလိုအပ်၊ UPCကိုလည်း ရွေးကောက်ပွဲ Camp aign မတိုင်ခင် အစိုးရက ပေးပို့လားတဲ့ ဇူလိုင်လမှာကျင်းပနိုင်ဖို့အတွက် ကျင်ပရင် ဘယ်လိုအခင်းအကျင်း၊ ကျင်းပမယ်ဆိုလည်း ဆွေးနွေးမဲ့ကိစ္စတွေ အဲ့ဒါတွေကို update လုပ်ကြတာပေါ့” ဟု ကေအိုင်စီသို့ပြော သည်။

ထို့အပြင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ကိစ္စရပ်များကို လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ဟန်ချက်ညီညီ သွားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေအပေါ်မူတည်ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၏ ပြင်ဆင်ထားရမည့် ကိစ္စရပ်များနှင့် ကရင်လူငယ်များ၏ ပါဝင်ရမည့် အခန်းကဏ္ဍများကို ဆက်လက်ဆွေးနွေးသွားကြမည်ဟု ၎င်းအစည်းအဝေး၌ သဘောထားများရှိခဲ့ကြောင်း ပဒိုစောလှထွန်းက ဆက်ပြောသည်။

လတ်တလော ဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ယခုနှစ်ဧပြီလကုန်တွင် ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (UPC)၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးအပါအဝင် ညီလာခံမတိုင်ခင် ကျင်းပရမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေးများ၊ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် လူထုတွေ့ဆုံပွဲများကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ရသည်။

သို့သော် ရွေးကောက်ပွဲ မတိုင်ခင်နှင့် ရွေးကောက်ပွဲ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက် ဆွေးနွေး သွားနိုင်ရေးအတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သည့် အစိုးရ၊ တပ်မတော် အစုအဖွဲ့များ နှင့် အပစ်ရပ် တိုင်းရင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ Online အစည်းအဝေးများဖြင့် ဆက်လက်ဆွေးနွေး ညှိနှိုင်း မှုများ ပြုလုပ်ခဲ့သည်။

အလားတူ အစိုးရမှ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို  လာမည့် ဇူလိုင်လအတွင်း ကျင်းပလိုကြောင်း ပြီးခဲ့သည့် မေလကုန်တွင် အပစ်ရပ် EAO အဖွဲ့အစည်းများသို့ တရားဝင် အဆိုပြုထားသလို ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၃)တွင် ထည့်သွင်းချုပ်ဆိုမည့် အချက်များ၊ ညီလာခံကျင်းပမည့် အခင်းအကျင်းပုံစံများကိုပါ အစိုးရဘက်မှ အဆိုပြုထားသည်။

၎င်းအတွက် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (NCA-EAOs)အဖွဲ့များ အနေဖြင့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အစည်းအဝေးကို ပြီးခဲ့သည့် လများကစ၍ အွန်လိုင်း အစည်းအဝေးများဖြင့် ကျင်းပလာရာ ယနေ့ ဇွန်လ ၁၀ရက်နေ့တွင်လည်း ပဉ္စမအကြိမ်မြောက်ဆွေးနွေး ညှိနှိုင်း နေကြကြောင်းသိရသည်။

ထို့အတူ နေပြည်တော်တွင်လည်း အစိုးရ၊ လွှတ်တော် နှင့် တပ်မတော် ကိုယ်စားလှယ်များပါဝင်ပြီး ပြည်ထောင် စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကျင်းပနိုင်ရေးအတွက် ယနေ့ ညှိနှိုင်းဆွေးနွေး နေကြသည်ဟုလည်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...