စောရှား — ကရင်ပြည်နယ်အခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က လာမည့် ၂၀၂၀ ပါတီစုံအထွေထွေ ရွေး ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်မှုများကို ပြုလုပ်သွားရန်စီစဉ်နေပြီဟု သိရသည်။
အဆိုပါ ကိုယ်စားလှယ်လောင်းများကို စိစစ်ရွေးချယ်နိုင်ရေးအတွက် ယခုဇွန်လ ၄ ရက်နေ့က ဖားအံမြို့၊ တော်ဝင် ရတနာ ဟိုတယ်တွင်ပြုလုပ်သော ပါတီလစဉ်အစည်းအဝေးအပြီး ကိုယ်စားလှယ်လောင်းရွေးချယ်ရေးကော်မရှင်ဖွဲ့စည်းထားပြီဖြစ်ကြောင်း KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ယခုလိုပြောသည်။
“၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရေး ကော်မရှင်ဖွဲ့လိုက်တယ်။ ရွေး ကောက်ပွဲကော်မရှင်က ရောဂါ(COVID-19)ရဲ့ အခြေအနေအရ ရွေးကောက်ပွဲကို ဘယ်နေ့၊ ဘယ်ရက်လုပ်မလဲ ဆိုတာလည်း တရားဝင်မကြေငြာသေးဘူးလေ။ ဒါကြောင့် (ပါတီရဲ့ကိုယ်စားလှယ်) ရွေးချယ်ရေးအပြီးသတ်အချိန်ကတော့ ပြောလို့မရသေးဘူးနော်။”ဟု ၎င်းက ယနေ့(ဇွန် ၉ ရက်)တွင် ပြောသည်။
ရွေးချယ်ရေးကော်မရှင်တွင် အရွေးမခံသော နာယကအဖွဲ့များနှင့် အလုပ်အမှုဆောင် အဖွဲ့များ၊ ပါတီ၏မြို့နယ်များမှ ၂ ဦး(သို့) ၁ ဦး၊ အရပ်ဖက်အဖွဲ့(CSO)မှ ၂ ဦး စုစုပေါင်း ၂၁ ဦးဖြင့် ဖွဲ့စည်းထားသည့် အဆိုပါရွေးချယ်ရေးကော်မရှင်အဖွဲ့ကို ယခုလအတွင်း အပြီးသတ်ဖွဲ့စည်းရန်လျာထားကြောင်း ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ဆက်ပြောသည်။
ဇွန်လ ၄ ရက်နေ့ကပြုလုပ်သော ပါတီလစဉ်အစည်းအဝေးတွင် ကိုယ်စားလှယ်လောင်းရွေးချယ်ရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေးအပြင် ပါတီတွင်း Voter Education (မဲပေးပုံပေးနည်းသင်တန်း) များကို ဖားအံနှင့် မြဝတီမြို့များ၌ ယခု ဇွန်လအတွင်း ပြုလုပ်သွားရန်ရှိကြောင်းလည်း KNDP တာဝန်ရှိ သူများ ထံမှ သိရသည်။
ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီ ၂ ပါတီဖြစ်သည့် KNDP နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့သည် ကရင်ပြည်နယ်တွင်သာ အဓိကထားယှဉ်ပြိုင်သွားရန်ရှိနေကြောင်း နှစ်ဖက်ပါတီတာဝန် ရှိသူများထံမှ သိရသည်။
ဖလုံ-စဝေါ်ပါတီ(PSDP) အနေဖြင့်လည်း ကိုယ်စားလှယ်လောင်းများအား ရွေးချယ်သွားရန် ရှိနေသလို မဲဆန္ဒနယ်မြေ မ ထပ်ရေးအတွက် KNDP နှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖလုံ-စဝေါ် ပါတီဥက္ကဋ္ဌ စောခင်မောင်မြင့်က မေလ ၈ ရက်တွင် ကေအိုင်စီသို့ ပြောခဲ့သည်။
လက်ရှိတွင် ကရင်ပြည်နယ်အခြေစိုက် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) နှင့် ကရင်အမျိုးသား ဒီမိုကရက် တစ်ပါတီ(KNDP)၊ ရန်ကုန်အခြေစိုက် ကရင်ပြည်သူ့ပါတီ(KPP) နှင့် ကရင်အမျိုးသားပါတီ (KNP)တို့ တရားဝင် နိုင်ငံရေးပါတီများအဖြစ် ရပ်တည်လျက်ရှိသည်။







