Salai Khup Khup — ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ၂၀၂၀ ခုနှစ်ဇန်ဝါရီလမှ ဇွန်လ ၅ ရက်နေ့ကြား ၅ လ ကျော်အတွင်း အရပ်သား ၄၀ ဦးထိ သေဆုံးပြီဖြစ်ကြောင်း Chin IDP Support Committee ဖော်ပြချက်အရ သိရှိရသည်။
CISC ဖော်ပြချက်အရ ၂၀၂ဝခုနှစ် ဇနဝါရီလမှ ဇွန်လ ၅ ရက်နေ့ကြား တိုက်ပွဲများကြောင်း အရပ်သား သေဆုံးမှုမှာ ၄၀ ဦးအထိ ရှိခဲ့ပြီး သေဆုံးသူ အများစုမှာ ပလက်ဝမြို့နယ်ရှိ မိတ်စာရွာ၊ ဝက်မရွာ၊ နန်းချောင်းဝရွာ၊ မြို့မ၊ ရွာမ၊ မင်တာရွာ၊ ပြိုင်တိန်ရွာ၊ ကြက်ဥဝရွာ၊ ပ္ပီဝုန်းရွာနှင့် ဆီးဖလောင်း ရွာနေ ဒေသခံနေ ပြည်သူများ ဖြစ်ကြောင်း သိရသည်။
သေဆုံးသူအများစုမှာ ဗုံးကြဲရာမှ သေဆုံးသူ၊ လက်နက်ကြီးထိမှန်၍ သေဆုံးသူ အများဆုံးဖြစ်ပြီး အချို့မှာမည်သည့် လက်နက်ထိမှန်သည် မသိရဘဲ သေဆုံးမှုများပါ ပါရှိနေကြောင်း CISC ဖော်ပြချက်အရ သိရသည်။
၂၀၂ဝခုနှစ်နောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ကြား တိုက်ပွဲများပြင်းထန်လာမှုကြောင့် ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်း နှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။







