စစ်တွေမြိ့ တွင် စက်မှုဇုန်တည်ဆောက်ရန်အကြောင်းပြချက်ဖြင့် သိမ်းဆည်းခံထားရသည့်လယ်ယာမြေများပေါ်တွင် လယ်သမားများထွန်းတုံးတိုက်ပွဲဆင်နွှဲ

စစ်တွေမြိ့ တွင် စက်မှုဇုန်တည်ဆောက်ရန်အကြောင်းပြချက်ဖြင့် သိမ်းဆည်းခံထားရသည့်လယ်ယာမြေများပေါ်တွင် လယ်သမားများထွန်းတုံးတိုက်ပွဲဆင်နွှဲ

အိမ်စိုးဖြူ၊ ထွန်းခိုင် — ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဆတ်ရိုးကျ စက်မှုဇုန် ရပ်ကွက်ရှိ သိမ်းဆည်းခံထားရသည့် လယ်ယာမြေပေါ်၌ ပိုင်ရှင်လယ်သမားများက ဇွန်လ ၉ ရက် နံနက်တွင် ထွန်တုံး တိုက်ပွဲ ဆင်နွှဲခဲ့ကြသည်ဟု သတင်းရရှိသည်။

လယ်ယာမြေထွန်းတုံး တိုက်ပွဲဆင်နွှဲရာတွင် လယ်ယာမြေပိုင်ဆိုင်သူ မိသားစုဝင် အယောက် ၈၀ နီးပါး ပါဝင်ခဲ့ကြပြီး နံနက် ၈ နာရီခန့်က စတင်ပြီး ၁၁ နာရီခွဲအထိ ထွန်စက် တစ်စီးဖြင့် ၎င်းမြေကို ထွန်ယက်ခဲ့ကြသည်။

“ ဒီမြေတွေအတွက် လျှော်ကြေးငွေပေးမယ် ဆိုပြီးပေးလည်း မပေးဘူး။ ပေးပြန်တော့လည်း အဲဒီ တစ်ဧကကို သိန်းသုံးဆယ်ကို ဦးလေးတို့မယူဘူး။ ကာလပေါက်ဈေးနဲ့ပေးမှကျေနပ်နိုင်မယ်။ လယ်သမားတွေကို မျက်လုံး စေ့စေ့ကြည့်ပြီးဖမ်းမယ်လို့ ပြောတယ်။သတ်ပစ်လိုက်။ ရဲစခန်းပို့ပစ်လိုက်ဆိုပြီးခြိမ်းခြောက်ထားတယ်။ လယ်သမားတွေ လယ်ကွက်နားကို မကပ်ရဲအောင်ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ စားဝတ်နေရေး သိပ်အခက်ခဲ ဖြစ်လာတယ်။ ဒါကြောင့်ထွန်းတုံးတိုက်ပွဲကို ငါတို့သေတာထက် မထူးတော့ဘူး ဆိုပြီး ဆင်နွဲရခြင်းဖြစ်ပါတယ်”ဟု ကျေးတောရွာမှ ဦးကျော်မောင်က သူကပြောသည်။

ဦးကျော်မောင် တစ်ဦးတည်းတွင် ပိုင်ဆိုင်သည့်မြေမှာ ၆ ဧကဒဿမ ၄ ရှိကြောင်း၊ စက်မှုမြေအဖြစ် သိမ်းဆည်းထားပြီး မြေကွက်ရိုက်ကာ ရောင်းချထားသည့် ၎င်းတို့လယ်မြေကိုကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရကြောင်း၊အစိုးရမှ လျှော်ကြေးငွေပေးမည်ဟုပြောဆိုပြီး တစ်စုံတစ်ရာ ပေးချေခြင်း မရှိခဲ့ကြောင်း၊ ၎င်းတို့မိသားစုတွင် သားသမီး ၇ ဦးရှိပြီး လယ်အသိမ်းခံရပြီးနောက် သားသမီးများကို ပညာ ဆက်မသင်နိုင်ကြားသည်အထိ မွဲတည်ခဲ့ရကြောင်း သူကဆက်ပြောသည်။

“ကျွန်တော်တို့ကို လျှော်ကြေးလည်းမပေး။ သိမ်းစာလည်းမထုတ်၊ ပြီးတော့ ခရိုနီနဲ့ပေါင်းပြီးတော့ ရောင်းစား ထားတယ်။ အခုစက်မှုမြေလည်း မဖြစ်ဘူး။ လျှော်ကြေးငွေပေးမလားဆိုပြီးစောင့်နေတာ ဒီနေ့ ထက်တိုင် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မပေးဘူး။ ကလေးတွေလည်းစာမသင်ခဲ့ရဘူး။ အဲဒါကြောင့် ဒီနေ့ကျွန်တော် လယ်တက်ထွန်ပါတယ်။ အခုလိုလုပ်လိုက်ရတဲ့အတွက် ဝမ်းမြောက်ပါတယ်။ ဝမ်းလည်းနည်းပါတယ်”ဟု ဦးကျော်မောင်က ဆက်ပြောသည်။

၎င်းလယ်ယာမြေများမှာ ဧက ၁၄၂ ဒဿမ ၄၉၇ ရှိပြီး စစ်တွေမြို့နယ် ဆတ်ရိုးကျကျေးရွာနှင့် ကျေးတော ကျေးရွာအုပ်စုတို့မှ လယ်သမား (၂၃)ဦး ပိုင်ဆိုင်သော လယ်မြေများများ ဖြစ်ကြပြီး ၁၉၉၃- ၉၄ ခုနှစ်က စစ်တွေ စက်မှုဇုန် တည်ဆောက်ရန် အတွက် အစိုးရက သိမ်းယူခဲ့သော လယ်ယာမြေများဖြစ်ကြောင်းသိရသည်။ သို့သော်လည်း နောက်ပိုင်းတွင် စက်မှုဇုန် စီမံကိန်းပျက်သွားပြီး လယ်မြေများမှာ လယ်သမားလက်ထဲသို့ ပြန်မရောက်ဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ခွဲဝေ ရောင်းချရာမှ ပြဿနာ ဖြစ်ပွားနေသော လယ်မြေများ ဖြစ်ကြသည်။

လယ်ယာမြေအသိမ်းခံခဲ့ရပြီးထွန်တုံးတိုက်ပွဲတွင် ပါဝင်သူ ကျေးတောကျေးရွာရပ်ကျေးတာဝန်ခံ ဦးသိန်းမောင်က “ ဒီမြေကိုလာပြီးအကွက်ရိုက်တဲ့အချိန်က ဘယ်သူပေးတာလဲရောင်းတာလည်းဆိုတာကို မြေတွေဝယ်တဲ့လူတွေရော၊ မြေစာရင်းကလည်းမပြောဘူး။ တိုင်ကြားခဲ့တဲ့လယ်သမားအဖွဲ့တွေနဲ့ အစိုးရ ဌာနဆိုင်ရာတွေက ဦးလေးတို့တိုင်ကြားစာတွေကို ဖင်ခုထိုင်ခဲ့တယ်။ ဒါကြောင့် ဒီနေ့မှာ လယ်သမားတွေ စုပြီးလယ်ထွန်ရခြင်းဖြစ်တယ်။ သိမ်းတယ်ဆိုကတည်းက မချိမဆန့်ခံစားခဲ့ရတယ်။ ဒီမြေကို လုပ်မစား ရတော့ဘူးဆိုတည်းက ကလေးတွေကိုစာမသင်ပေးနိုင်ကြတော့ဘူး။ ဦးလေးတို့ ဘဝတွေ နိမ့်ကျခဲ့ရတယ်”ဟုပြောသည်။

ယခုကဲ့သို့ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း အာဏာပိုင်များမှ တစ်စုံတစ်ရာ နှောင့်ယှက်ဟန့်တားမှု မရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ မေလ ၁၈ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်(၁၆) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ပထမနေ့တွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က အဆိုပါမြေများအား ကျေးရွာနှင့် မြို့နယ်အဆင့်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများအား ပြန်လည်စိစစ်ရေးကော်မတီမှ ကွင်းဆင်းစစ်ဆေးပေးရန်ရှိ အစီစဉ်ရှိမရှိ ကြယ်ပွင့်ပြ မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

အဆိုပါမေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးလှကျော်က ဆတ်ရိုးကျနှင့်ကျေးတောကျေးရွာတို့မှ စက်မှုဇုံတည်ဆောက်ရန် သိမ်းဆည်းခံထားရသည့် မြေဧက ၁၄ဝကျော်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဧကလျှင် ကျပ်သိန်း (၃ဝ)နှုန်းဖြင့် လျှော်ကြေးပေးသွားမည်ဖြစ်ကြောင်း ဒုတိယအကြိမ်မြောက် အမျိုးသားလွှတ်တော်(၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါမြေဧကများကို ၁၉၉၄-၉၅ ခုနစ်က စစ်တွေမြို့တွင် စက်မှုဇုံရပ်ကွက်ထူထောင်ရန်အတွက် အစိုးရက သိမ်းယူခဲ့ခြင်း ဖြစ်သည်။ ၂ဝဝ၁ ခုနစ်တွင် ၁၉၅၃ ခုနစ် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ(၃၉)အရ လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ဆောင်ရွက်ခဲ့သည့် မြေဧရိယာ(၃ဝ၃.၆၉၇) ဧကအတွင်းတွင် ပါဝင်ခဲ့သော လယ်မြေများအဖြစ် စိစစ် တွေ့ရှိရကြောင်း ဒုဝန်ကြီးပြောဆိုချက်အရ သိရသည်။

လယ်သမားများကမူ တစ်ဧက ကျပ်သိန်း ၃၀ ပေးမည်ကို လက်မခံကြဘဲ ကာလပေါက်ဈေးအတိုင်းပေးရန် တောင်းဆိုခဲ့ကြသလို တစ်ချို့လယ်သမားများက ၎င်းတို့ပိုင် လယ်မြေများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...