ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရ

ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦး သေနတ်ကျည်ထိမှန် ဒဏ်ရာရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာမှ ဒေသခံတစ်ဦး ဇွန်လ ၈ ရက် ညနေ ၇ နာရီခန့်က တပ်မတော် စစ်ကြောင်းတစ်ခုက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကျည်ထိမှန်၍ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသွားသူမှာ အပေါက်ဝကျေးရွာ ပင်မရပ်ကွက်မှ ဦးမောင်လှကျော် (၃၅) နှစ်ဖြစ်ပြီး လက်ရှိအပေါက်၀ တိုက်နယ်ဆေးရုံတွင် ဆေးကုသနေရသည်။

ဒဏ်ရာရရှိသွားသည့် ဦးမောင်လှကျော်နှင့် ဇွန်လ ၉ ရက် နံနက် ၁၁ နာရီက အဆက်အသွယ်ရရှိရာ ၎င်းက ပေါင်တွင် ကျည်ဆံထိမှန်ခဲ့ကြောင်း ပြောကြားသည်။

“ကျွန်တော်က အပေါက်ဝဆေးရုံက လူနာတစ်ယောက်ကို သတင်းမေးလို့ အိမ်ကို အပြန်မှာ စစ်သားတွေက ရွာကို ဝင်လာတယ်။ ကျွန်တော်က ဆိုင်ကယ်နဲ့ လာတာ။ အဲဒီမှာ ကျွန်တော်လည်း သူတို့ကို တွေ့တာနဲ့ ဆိုင်ကယ်ကို မမောင်းဘဲ တွန်းပြီး သွားတယ်။ ဆိုင်ကယ်ကို တွန်းပြီးတော့ သူတို့နဲ့က မျက်နှာချင်းဆိုင်လမ်းမှာ ဖြစ်နေလို့ ရွာက အိမ်တစ်ဆောင်ကို ဝင်ခံတယ်။ အဲဒီမှာ သူတို့က ကျွန်တော့်ကို မြင်တာနဲ့ ပစ်တာ။ လူတွေ့တာနဲ့ ပစ်တာ။ ပေါင်အနောက်ကနေ ကျည်က ဖောက်ဝင် သွားတာ အရှေ့ဘက်က ထွက်သွားပါတယ်။ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရဘူးလို့ ဆရာဝန်တွေက ပြောပါတယ်။ အခုတော့ အပေါက်၀ တိုက်နယ် ဆေးရုံမှာ ဆေးကုသ နေရပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ပစ်ခတ်မှုဖြစ်၍ ဦးမောင်လှကျော် ဒဏ်ရာရသွားခြင်းမှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇာ်မင်းထွန်းသို့ နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းအား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ၎င်းမှာ အစည်းဝေး တက်ရောက်နေသဖြင့် ဖုန်းဖြေရန် မအားသေးကြောင်း ပြောသည်။

အပေါက်ဝကျေးရွာမှ နောက်ထပ် ရပ်မိရပ်ဖတစ်ဦးကလည်း “စစ်သားတွေ ရွာထဲဝင်လာတုန်းက ကျွန်တော် တို့လည်း ရွာထဲက လမ်းပေါ်မှာပေါ့။ အဲဒီမှာ သူတို့က ရွာအရှေ့ဘက်ကနေ ဝင်လာတယ်။ လာတာနဲ့ ကျွန်တော်တို့က တခြားတစ်လမ်း ရှောင်ပြီး သွားကြပါတယ်။ သူတို့က လမ်းမပေါ်က မသွားဘဲ ရွာထဲကနေ ဖြတ်ပြီးသွားတာပေါ့။ ရွာထဲကနေ ကာဒီရွာဘက်ကို ထွက်သွားကြပါတယ်။ သူတို့က ရွာထဲမှ ဖြတ်စဉ်မှာ ယမ်းပြီး ပစ်လိုက်တာ။ အဲဒီမှာ ရွာသား တစ်ဦးကို ထိသွားတာ။ အဲဒီစစ်သားတွေက ဘယ်တပ်ရင်း/တပ်မကလဲ ဆိုတာတော့ ကျွန်တော်တို့လည်း အခု မသိသေးဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...