မင်းပြားမြို့နယ်၊ကျောက်ခုတ်ရွာသား ၇ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးထားဟုဆို

မင်းပြားမြို့နယ်၊ကျောက်ခုတ်ရွာသား ၇ ဦးကို တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးထားဟုဆို

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာမှ ရွာသား ၇ ဦးကို တပ်မတော် စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးထားသဖြင့် မိသားစုများ အထူး စိုးရိမ်နေကြသည်ဟု ကျေးရွာသားများက ပြောသည်။

၎င်းတပ်မတော် စစ်ကြောင်းသည် ကျောက်ခုတ်ကျေးရွာအတွင်းသို့ ယနေ့ နံနက် ၅ နာရီအချိန်ခန့်က ဝင်ရောက်လာပြီး နံနက် ၇ နာရီခန့်တွင် ရွာသားများကို အစည်းအဝေး ပြုလုပ်ပြီး ရွာထဲမှ လူတစ်ချို့ကို ရွာဘုန်းတော်ကြီးကျောင်းထဲတွင် ဖမ်းဆီးထားသည်ဟု ကျေးရွာလူကြီးတစ်ဦးက ပြောဆိုသည်။

“ ဖမ်းဆီးတဲ့ အထဲမှာ အသက် ၅ဝ ကျော်အရွယ် ဒေါ်စံဂိုးမကို ပြန်လွတ်ပေးလိုက်ပါတယ်။ သူမရဲ့ လင်ဖြစ်သူ ဦးမောင်ဟန်သာကိုတော့ နောက်ပိုင်းမှာ ပြန်လွတ်ပေးလိုက်တယ်လို့ ပြောပါတယ်။ နောက်တစ်ယောက်က ရွာမှာ ဖွဲ့စည်းထားတဲ့ ကိုဗစ်ရောဂါကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်လှသိန်းပါ။ သူ့ကိုတော့ သူရဲ့ နေအိမ်ကနေ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ဖမ်းဆီးရာတွင် ရွာမှ လူငယ်များကို အင်္ကျီချွတ်ခိုင်ပြီး တက်တူးထိုးထားခြင်း ရှိ/မရှိ၊ ဒဏ်ရာဒဏ်ချက် ရှိ/မရှိကို စစ်ဆေးသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူများမှာ မောင်မောင်စိုး (၁၆) နှစ်၊ မောင်သိန်းအေးကျော် (၁၇)နှစ်၊ မောင်မြတ်လင်းကြီး(၁၇) နှစ်၊ မောင်ကျော်စိုးလင်း (၁၇) နှစ်၊ မောင်ခိုင်ငြိမ်းစိုး (၂၉)မောင်ဝင်းဇော်ဦး (၁၆) နှစ်နှင့် ဦးမောင်လှသိန်း(၄၁) နှစ်တို့ ဖြစ်ကြောင်း ကျေးရွာမှအမည်မဖော်လိုသူ တက္ကသိုလ် ကျောင်းသား တစ်ဦးက ပြောသည်။

“ အခု ကျွန်တော်တို့လည်း ထွက်ပြေးနေကြရပါတယ်။ ဖမ်းဆီးတယ်ဆိုတာလောက်ဘဲ သိရတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိဘူး။ အခုက ရွာထဲမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ တိတိကျကျ မပြောနိုင်ဘူး။ ရွာကလည်း ကြီးတယ်ဆိုတော့ ချက်ချင်း သိရဖို့တော့ မလွယ်ပါ။ အခု လူတိုင်းစိုးရိမ်နေကြရပါတယ်” ဟု ပြောကြားသည်။

အမည်မဖော်လိုသော အမျိုးသမီးတစ်ဦးက “ ကြောက်လို့ မရှိပြီး။ တစ်ရွာလုံးက ယောကျ်ားတွေ ထွက်ပြေးနေကြတယ်။ ဘာတွေ ဖြစ်မလဲ မသိတော့ဘူး။ ရွာမှာရှိနေတဲ့ အထဲက ရွာသားတွေကို ရွာထဲက ဘုန်းတော်ကြီးကျောင်းမှာ ဖမ်းထားပါတယ်” ဟု ၎င်းအမျိုးသမီးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က “ ကျွန်တော်ရွာကို ဖုန်းဆက် ကြည့်တော့ ရွာသားတစ်ချို့ အဖမ်းခံထားရတယ်လို့ ကြားရတယ်။ လူငယ်တွေနဲ့ လူကြီး ၁ဝ ယောက်ခန့်ကို ဘုန်းကြီးကျောင်းမှာ ဖမ်းထားတယ်လို့ ရွာသားတွေက ပြောပါတယ်” ဟု ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သာယာကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်ထွန်းက “ အခုလိုမျိုး သူတို့ကရွာထဲကို ဝင်လာပြီးတော့ ပြည်သူတွေကို ဖမ်းဆီးတာတွေကိုတော့ မဖြစ်စေချင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေက အဲလိုမျိုးလုပ်ရင် ပြည်သူတွေက အကြောက်တရားနဲ့ ရွာမှာ မနေရဲကြတော့ဘူး။ အခုဆိုရင် အဲဒီ ရွာတစ်ရွာတည်းတော့ မဟုတ်တော့ဘူး။ ပတ်ဝန်းကျင်ကကျေးရွာတွေလည်း အကုန်လုံး အကြောက် တရားနဲ့ဘဲ ရင်ဆိုင်နေရတယ်” ဟု ပြောသည်။

နောက်ထပ် နောက်ထက်လုံခြုံရေးအရ အမည်မဖော်လိုသော ဒေသခံ အမျိုးသမီးတစ်ဦးက “ ပထမဆုံး ဖမ်းထားတဲ့ လူငယ်တွေကိုတော့ ရိုက်တာတွေ မရှိဘူးလို့ ပြောကြတယ်။ ဒါပေမယ့် နောက်ဆုံး ဖမ်းသွားတဲ့ ဦးမောင်လှသိန်းကိုတော့ နည်းနည်းပါးပါး ရိုက်တာတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

၎င်းကျောက်ခုတ်ကျေးရွာတွင် အိမ်ခြေ ၆ဝဝ နီပါးရှိပြီး လူဦးရေ ၃၂ဝဝ ကျော် ရှိကြောင်း သိရှိရသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းငြိမ်းနိုင်နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းတို့ကို နိရဉ္စရာသတင်းဌာနအနေဖြင့် ဖုန်းဆက်သွယ်သော်လည်း အဆက်သွယ် မရရှိခဲ့ပါ။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...