မြဝတီနယ်စပ်တွင် ထိုင်းပြန်မြန်မာလုပ်သား ၃,၀၀၀ ကျော်၏ ဓာတ်ခွဲ နမူနာကို ဗဟိုဓာတ်ခွဲခန်းသို့ပေးပို့

မြဝတီနယ်စပ်တွင် ထိုင်းပြန်မြန်မာလုပ်သား ၃,၀၀၀ ကျော်၏ ဓာတ်ခွဲ နမူနာကို ဗဟိုဓာတ်ခွဲခန်းသို့ပေးပို့

ထိုင်း-မြန်မာ အမှတ် (၂) တံတားမှတဆင့် ဒုတိယအကြိမ် ဝင်ရောက်လာသည့် ထိုင်းပြန်မြန်မာလုပ်သားများ အနက် လူဦးရေ ၃,၄၂၃ ဦးကို မြဝတီနယ်စပ်တွင် ဓာတ်ခွဲနမူနာယူ၍ ရန်ကုန်ကျန်းမာရေးဌာန ဗဟိုဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြဝတီနယ်စပ် အမှတ် (၂)တံတားမှတဆင့် မေလ ၂၃ ရက်မှ ဇွန်လ ၅ရက် နေ့အထိ ပြန်လာသည့် ထိုင်းပြန်လုပ် သားများထဲမှ ကရင်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည် တော်ကောင်စီနယ်မြေသို့ ပြန်မည့်သူများကို မြဝတီမြို့ရှိ Quarantine စခန်းများတွင်ထားရှိပြီး ဓာတ်ခွဲနမူနာယူ၍ ရန်ကုန်ကျန်းမာရေးဌာန အမျိုးသားဗဟိုဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ခရိုင်အုပ်ချုပ်ရေးမှူးက “အဲလိုပေးပို့စစ်ဆေးရာမှာ မေလ ၂၃ ရက်ကနေ မေ ဇွန်လ ၅ ရက်နေ့အထိ လူဦးရေ ၃,၄၂၃ ဦးရဲ့ ဓာတ်ခွဲနမူနာများ ပေးပို့စစ်ဆေးခဲ့ရာမှာ Covid-19 ပိုးတွေ့လူနာအဖြစ် တစ်ဦးတစ်ယောက်မှ မတွေ့ရှိရသေးဘူး”ဟု ပြောသည်။

 

၎င်းအပြင် မေလ ၂၅ ရက်နေ့က မြဝတီနယ်စပ်မှ တဆင့် ပဲခူးတိုင်း ညောင်လေးပင်မြို့သို့ ပြန်သွားသည့် ထိုင်း ပြန်မြန်မာလုပ်သား Covid-19  အတည်ပြုလူနာ အမှတ်စဉ် ၂၃၃ နှင့် ထိတွေ့မှုရှိခဲ့သည်ဟု ယူဆရသည့် မြဝတီ BCF ဇုန်မှာ ပြန်လည်ကြိုဆိုရေးဆောင်ရွက်ပေးနေသူ ၇ ဦး၏ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ရာတွင်လည်း ရောဂါပိုးတွေ့ရှိခြင်းမရှိကြောင်း ဦးတေဇာအောင်က ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် Covid-19 ဂယက်ကြောင့် ထိုင်းရောက် မြန်မာရွှေ့ ပြောင်းလုပ်သားများမှာ အလုပ်အကိုင် အခွင့် အလမ်းနည်းပါးလာခြင်းနှင့် ၎င်းတို့ကိုင်ဆောင်သော Passport / Visa များ သက်တမ်းကုန်ဆုံးခြင်း အစရှိသည့် အခက်အခဲများကြောင့် မေလ ၂၃ ရက်နေ့မှစ၍  မြဝတီနယ် စပ်ဝင်ပေါက်မှတဆင့် နေ့စဉ် ထောင်နှင့်ချီ၍ ပြန်လာ ကြရာ ယမန်နေ့ ဇွန်လ ၅ရက်နေ့ထိ စာရင်းအရ လူဦးရေ ၁၈,၅၃၃ ဦး ပြည်တွင်းသို့ ဝင်ရောက်ခဲ့ပြီး ဇွန်လ ၆ ရက်နေ့တွင်လည်း ဆက်လက်ဝင်ရောက်နေဆဲဖြစ်သည်။

ထိုသို့ ပြန်လာသူများအနက် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း နှင့်မွန်ပြည်နယ် သို့ ပြန်မည့်သူများကို ယင်းပြည်နယ်နှင့်တိုင်းအစိုးရ၏အစီအစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေသို့ ပြန်မည့်သူများကို မြဝတီမြို့ရှိ Quarantine စခန်းများတွင် ထားရှိပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးပြီးမှသာ ၎င်းတို့ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...