တောင်ကုတ်မြို့မှ အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးခံထားရသူ ကိုစည်သူကျော်ဇံ၏ ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေး

တောင်ကုတ်မြို့မှ အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးခံထားရသူ ကိုစည်သူကျော်ဇံ၏ ဇနီးဖြစ်သူကို ရဲတပ်ဖွဲ့မှခေါ်ယူစစ်ဆေး

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရသူ ကိုစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ်၏ ဇနီးဖြစ်သူ မနန်းခင်အေးကြည်(၃၈)နှစ် အား ဇွန်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်က ရဲတပ်ဖွဲ့မှ ခေါ်ယူကာ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

မနန်းခင်အေးကြည်မှာ ကံပိုင်ရပ်ကွက်ရှိ ၎င်းတို့နေအိမ် ရှမ်းခေါက်ဆွဲဆိုင်တွင် ဈေးရောင်းနေစဉ် တောင်ကုတ်မြို့မ ရဲစခန်းမှ ကိုမိုက်ကယ်နှင့် ပတ်သက်၍ မေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ၁၅ မိနစ်ခန့် စစ်ဆေး မေးမြန်းမှုများလုပ်ဆောင်ခဲ့ကာ ပြန်လွှတ်ပေးခဲ့ကြောင်း ကိုစည်သူကျော်ဇံတို့၏ အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးရာဇာထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

“ရဲစခန်းနဲ့ တရားရုံးနဲ့က အနီးလေးဆိုတော့ အဲဒီအစ်မကို ရဲက ခေါ်သွားတာတွေ့လိုက်တယ်။ ပြန်လွှတ် ပေးလိုက်ပါပြီ။ ဆယ့်ငါးမိနစ်လောက်ပဲကြာတာပါ။ ဘာတွေမေးလဲဆိုတာတော့ မသိသေးဘူး။ အဲဒီအစ်မက ရှမ်းတိုင်းရင်းသူပါ။ ဖုန်းလည်းမကိုင်ဘူးလို့ ပြောတယ်။ ပြီးတော့ သူတို့ မိသားစုတွေအကုန်လုံးက အင်တာဗျူးတွေ မဖြေချင်ဘူး။ အင်တာဗျူးဖြေရင် အဖမ်းခံရမှာစိုးလို့လို့ပြောတယ်” ဟု သူကပြောသည်။

သူမ၏ အမျိုးသားဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ်သည် မေလ ၂၄ ရက်နေ့က ဖမ်းဆီးခံထားရပြီး သူမ၏ ခဲအိုဖြစ်သူ ဦးဇေယျကျော် (ကိုစည်သူကျော်ဇံအစ်ကို) လည်း မေလ ၉ ရက်နေ့က ဖမ်းဆီးခံထားရကာ ညီအစ်ကို နှစ်ယောက်စလုံးကို အကြမ်းဖက်မှုပုဒ်မဖြင့် အမှုဖွင့်ထားသည်။

မနန်းခင်အေးကြည်မှာ ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ တောင်ကုတ်မြို့မှ ရဲစခန်းအား နိရဉ္စရာ သတင်းဌာနမှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာဖြေဆိုခြင်းမရှိခဲ့ပါ။

တောင်ကုတ်မြို့နယ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က “ သတင်းကတော့ ကြားတယ်။ ဟုတ်တယ်။ ခေါ်သွားတာကိုကြားတယ်။ ပြန်လွတ်လာတာတော့ မသိသေးဘူး” ဟုပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်မိသားစုမှာ တစ်စုံတစ်ရာမဖြေဆိုရဲကြောင်း ကြားသိရပြီး နိရဉ္စရာမှ ဆက်သွယ်ရာတွင်လည်း ဆက်သွယ်မှုမရရှိခဲ့ပါ။

တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဦးဝေသောင်း၊ စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် စည်ပင်ကော်မတီဥက္ကဋ္ဌဟောင်း ဦးစန်းငွေတို့အား အကြမ်းဖက်မှုပုဒ်မ ၅ဝ(က) ဖြင့် အမှုဖွင့်ပြီး ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည်။

၎င်းတို့ သုံးဦးအား ဒုတိယ အကြိမ် ရမန်ယူမည့် မေလ ၂၄ ရက်နေ့တွင် ဦးဇေယျကျော်၏ ညီဖြစ်သူ ကိုစည်သူကျော်ဇံ(ခ)ကိုမိုက်ကယ် ရဲက ထပ်မံဖမ်းဆီးကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခဲ့သည်။

သို့သော်လည်း မေလ ၂၄ ရက်နေ့တွင် ဦးဇေယျကျော်တို့အား တောင်ကုတ်မြို့နယ် တရားရုံးတွင် ထပ်မံ ရုံးထုတ် ရမန်ယူခဲ့ခြင်း မရှိသလို မိသားစုများနှင့်လည်း အဆက်အသွယ်ပြတ်နေသည်ဟု သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...