တောင်ကုတ်မြို့နယ် ငမောက်ချောင်းတိုက်နယ်ဆေးရုံ ဆရာဝန်မရှိ၍ ပိတ်ထားရ

တောင်ကုတ်မြို့နယ် ငမောက်ချောင်းတိုက်နယ်ဆေးရုံ ဆရာဝန်မရှိ၍ ပိတ်ထားရ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်း ကျေးရွာအုပ်စုမှ ငမောက်ချောင်းတိုက်နယ် ဆေးရုံတွင် ဆရာဝန်မရှိသဖြင့် ပိတ်ထားရသည်ဟု သတင်းရရှိသည်။

၎င်းမှာ ကုတင် (၁၆) ဆန့် တိုက်နယ်ဆေးရုံဖြစ်ပြီး မေလ ၃ဝ ရက်နေ့ကစ၍ ဆရာဝန်၊ သူနာပြုများ မရှိတော့သဖြင့် ပိတ်ထားလိုက်ရခြင်းဖြစ်ကြောင်း ငမောက်ချောင်းတိုက်နယ်ဆေးရုံ၏ ကျန်းမာရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ပန်းတင်ကျွန်း အရှေ့ဖက် အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးချစ်ကျော်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ အရင်ရှိတဲ့ ဆရာဝန်က အရိုးအထူးကုသွားတက်တယ်။ သူနာပြု နှစ်ဦးက အဆင့်မြင့် သူနာပြု အပြာဝတ် တွေဖြစ်သွားလို့ပြောင်းသွားတယ်။ နောက်ထပ် သားဖွားဆရာမနှစ်ဦးကိုတော့ တောင်ကုတ်ဆေးရုံက ကိုဗစ်နဲ့ အင်အားလိုတယ်ဆိုပြီး ခေါ်သွားတယ်။ ဒီရွာတွေက တောင်ကုတ်နဲ့ ရေလမ်းခရီးကသွားရတာဆိုတော့ အဆင် မပြေဘူး။ အခုအချိန်မှာ ဒေသခံတေ ဆေးရုံတက်ရမယ်၊ အောက်ဆီဂျင်လိုမယ်ဆိုရင် အခက်အခဲဖြစ်မယ်”ဟု သူကပြောသည်။

အဆိုပါ ပန်းတင်ကျွန်းတွင် ကျေးရွာ (၁၂)ရွာရှိပြီး၊ လူဦးရေ ၅ထောင်နီးပါးရှိကြောင်း၊ တောင်ကုတ်မြို့နှင့် ရေမိုင် ၁၃ မိုင်ခန့်ကွာဝေးကာ သွားလာရ ခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။

ငမောက်ချောင်း တိုက်နယ်ဆေးရုံမှ သူနာပြုများအား တောင်ကုတ်မြို့ဆေးရုံကြီးတွင် ဝန်ထမ်းအင်အား ဖြည့်တင်းရန်အတွက် ခေါ်ယူထားရခြင်းဖြစ်ကာ လက်ရှိတွင် ၎င်းတိုက်နယ်ဆေးရုံတွင် လူနာများ လက်ခံ ကုသနိုင်ခြင်းမရှိကြောင်း တောင်ကုတ်မြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာလှထွန်းဇော်ကပြောသည်။

“ ပိတ်ထားရတာတော့မဟုတ်ဘူး။ ဒါပေမဲ့ လူနာကြည့်ပေးမယ့် ဆရာဝန်၊ သူနာပြုတွေ မရှိတော့တာပါ။ ရာထူး တိုးသွားလို့ ပြောင်းသွားတဲ့လူရှိသလို သူနာပြု နှစ်ဦးကိုတော့ တောင်ကုတ်ဆေးရုံမှာ အင်အား မလုံလောက်လို့ ခေါ်ထားရပါတယ်။ တောင်ကုတ်ဆေးရုံမှာလည်း သူနာပြုတွေ ရာထူးတိုးလို့ ပြောင်းသွားကြလို့ပါ။ ငမောက်ချောင်းမှာ ကျန်းမာရေးမှူးနဲ့ ဆေးဝါးကျွမ်းကျင်ကျန်းမာရေး ကြီးကြပ် ၂ တွေလည်းရှိပါတယ်”ဟု သူကပြောသည်။

အဆိုပါ ငမောက်ချောင်းတိုက်နယ်ဆေးရုံကို ၂ဝ၁၉ ခုနစ် မေလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆရာဝန် တစ်ဦး၊ သူနာပြု ၂ဦး၊ သားဖွားဆရာမ ၂ ဦးနှင့် ကျန်းမာရေးလုပ်သား ၃ ဦး အပါအဝင် ဝန်ထမ်း ၉ ဦး ရှိခဲ့ကြောင်း သိရသည်။

တိုင်းနှင့်ပြည်နယ်အသီးသီးတွင် လိုအပ်နေသည့် ဆရာဝန်ဦးရေ ၁၃ဝ၃ ဦးရှိနေကြောင်း မေလ ၁၈ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြောခဲ့သည်။

ရခိုင်ပြည်နယ်တွင်လည်း လိုအပ်နေသည့် ဆရာဝန် ၁ဝ၅ ဦးနေရာတွက် အလုပ်ခေါ်ယူရာ ဆရာဝန် ၃ ဦးသာ လျှောက်ထားခဲ့ကြောင်း သိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...