ဘူးသီးတောင်မြို့တွင် စစ်ဘေးရှောင်ကလေးငယ်များအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောက်

ဘူးသီးတောင်မြို့တွင် စစ်ဘေးရှောင်ကလေးငယ်များအတွက် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောက်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ ရန်အောင်မြေ စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင် ကလေးငယ်များအတွက် ကိုယ်ထူကိုယ်ထ ကျောင်းဆောင်တစ်ခု ဆောက်လုပ်နေကြောင်း သိရသည်။

ရန်အောင်မြေစစ်ဘေးရှောင်စခန်းမှ မူလတန်းအရွယ် ကလေးငယ် ၄၅ ဦး အတွက် အလျား ၅၂ ပေ၊ အနံ ၁၅ ပေရှိသည့် ကျောင်းဆောင်အား ယင်းစခန်းဧရိယာအတွင်း၌ ဆောက်လုပ်ပေးလျက်ရှိကြောင်း စခန်းတာဝန်ခံ ဦးဣန္ဒဝံသက မိန့်သည်။

ဦးဣန္ဒဝံသက “ကလေးတွေက သုံး/လေးတန်းအရွယ်ဆိုတော့ ငယ်သေးတော့ မြို့ထဲက စာသင်ကျောင်း တွေကို သွားမတက်ရအောင်၊ ပြီးတော့ သူတို့ရဲ့ မိဘတွေကလည်း အနားမှာ စုံလင်အောင် ရှိတာမဟုတ်ဘူး။ အလုပ်သွားလုပ်နေကြရတယ်ဆိုပြီး အခက်ခဲတွေ မဖြစ်ရအောင် လုပ်ပေးတာပါ။ ပညာရေးဌာနကလည်း ခွင့်ပြုပေးပါတယ်” ဟု နိရဉ္စရာသို့ မိန့်ကြားသည်။

ယင်းမူလတန်းကျောင်းမှ ကလေးငယ်များအား သင်ပြမည့် လုံလောက်သော ကျောင်းဆရာ/မများအား ဘူးသီးတောင်မြို့နယ် ပညာရေးမှူးရုံးမှ စီစဉ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ဦးဣန္ဒဝံသက မိန့်သည်။

ဦးဣန္ဒဝံသက “ဦးဇင်းက ကျောင်းဆောင်ရဲ့ ခေါင်မိုးကို သံဖြူနဲ့ လုပ်မယ်ပေါ့။ အခုတော့ သံဖြူတင်မယ့် သစ်တန်းတွေ လုပ်နေတုန်းပါ။ အခင်းကိုတော့ ကွန်ကရစ်ပါးပါးခင်းပြီး မြေထိုင်လေး လုပ်မယ် စီစဉ်ထားပါတယ်။ လောလောဆယ်က အဆောင်ဆောက်ဖို့ အလှူရှင်တွေ သိပ်မရသေးတော့ ဦးဇင်းဆီက ငွေ သိန်း ၂ဝ ကျော် အကုန်ခံပြီး လုပ်နေပါတယ်။ အဆောင်ဆောက်လို့ စုစုပေါင်း ကုန်ကျငွေ သိန်း ၄ဝ လောက်ကုန်မယ်လို့ မှန်းထားပါတယ်” ဟု နိရဉ္စရာသို့ မိန့်သည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် စုစုပေါင်း လူဦးရေ ၆ဝဝ ဦးခန့်ပြီး ၎င်းတို့မှာ ဘူးသီးတောင်မြို့နယ် ပြင်ချောင်း၊ နွားရုံတောင်၊ ဥယာဉ်သာ၊ စံကိုးထောင်၊ သသျှားတောင်၊ သရက်ပြင်၊ ကြာညိုပြင်၊ ကွမ်းတောင်၊ စပါးထား၊ ကံပြင်၊ စည်တောင်ကျေးရွာတို့နှင့် ရသေ့တောင်မြို့နယ် ရေကုန်းချောင်း၊ ကျောက်တန်းကျေးရွာတို့မှ ဖြစ်ပြီး ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် မတ်လအတွင်းမှ စ၍ ထိုစခန်းတွင် လာရောက်ခိုလှုံနေကြသူများ ဖြစ်ကြောင်း သိရသည်။

အဆိုပါကျောင်းကိစ္စနှင့်ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ်မှ လက်ထောက်ပညာရေးမှူး ဦးဝင်းလှိုင်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...