ပုဏ္ဏားကျွန်းမြို့ကင်းချောင်းတံတားအနီး မိုင်းပေါက်ကွဲ၍ ဒေသခံ ၁ဦးသေ၊ ၁ ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းမြို့ကင်းချောင်းတံတားအနီး မိုင်းပေါက်ကွဲ၍ ဒေသခံ ၁ဦးသေ၊ ၁ ဦးဒဏ်ရာရ
ဓာတ်ပုံ - အင်္ဂါအောင် (ခမီ)
ဓာတ်ပုံ - အင်္ဂါအောင် (ခမီ)

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ကင်းချောင်းတံတားအနီး ဇွန်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဒေသခံ ၁ ဦးသေဆုံးသွားပြီး ၁ ဦး ဒဏ်ရာရသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေသခံ ၂ ဦးမှ သေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ် နားဒေါင်းကျကျေးရွာမှ ဦးဇော်မင်းဦး (၃၈) နှစ် ဖြစ်သည်။

ဒဏ်ရာရရှိသွားသူမှာ ပုဏ္ဏားကျွန်းမြို့ မြို့သစ်ရပ်ကွက်မှ ဦးဝင်းနိုင်စိုး (၄၇) နှစ် ဖြစ်ကြောင်း ပုဏ္ဏားကျွန်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်များအသင်းမှ ကိုဇော်ဇော်က ပြောသည်။

ကိုဇော်ဇော်က “ဒဏ်ရာရသွားသူကတော့ သိပ်မပြင်းဘူး။ အဲဒီ ဒဏ်ရာရသွားတဲ့ သူကတော့ ဆိုင်ကယ် ကယ်ရီဆွဲတာပါ။ သေသွားတဲ့ သူက သူ့ရွာကို သွားဖို့အတွက် ဆိုင်ကယ်ငှားတယ်ပေါ့နော်။ အဲဒီမှာ နှစ်ယောက် သွားကြရင်း လမ်းမှာ ပေါက်ကွဲမှုဖြစ်တာပါ။ ဒဏ်ရာရသွားတဲ့သူမှာက ဘယ်ဘက်လက်မောင်းနဲ့ လည်ပင်းမှာ နည်းနည်း ရသွားပါတယ်။ သေသွားတဲ့ သူကတော့ အဲဒီနေရာမှာတင် ပွဲချင်းပြီး သေသွားတာပါ” ဟု နိရဉ္စရာသို့ ပြောသည်။

သေဆုံးသူ အလောင်းနှင့် ဒဏ်ရာရသွားသူအား ဇွန်လ ၂ ရက် နေ့လယ် ၁၂ ခွဲခန့်က ပုဏ္ဏားကျွန်းဆေးရုံကြီးသို့ ယူဆောင်လာခဲ့ကြောင်းလည်း ကိုဇော်ဇော်က ဆက်ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့် နေရာမှာ စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့မှ စစ်တွေမြို့သို့ အထွက်၌ တည်ရှိသည့် ကင်းချောင်းတံတားအနီးတွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးစံရွှေကျော်က ပြောသည်။

ဦးစံရွှေကျော်က “ကျွန်တော်တို့ မြို့ထဲက “ဒုန်း ဒုန်း” ဆိုပြီး အသံ နှစ်ခေါက်ကြားပါတယ်။ ပထမကတော့ ဘာဖြစ်မှန်းမသိဘူးပေါ့နော်။ နောက်မှ မိုင်း ပေါက်ကွဲတာလို့ သိရပါတယ်။ မိုင်းက ၂ လုံးပေါက်ကွဲတာပါ။” ဟု နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ မိုင်းပေါက်ကွဲမှု ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် ယင်းလမ်းမှ ဖြတ်သန်းသွားလာကြသည့် ဆိုင်ကယ်၊ မော်တော်ယာဉ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာခြင်း မပြုသေးကြောင်း ဇွန်လ ၂ ရက် နေ့လယ် ၁ နာရီခန့်က နိရဉ္စရာမှ ဆက်သွယ်စဉ် ဦးခင်မောင်လတ်က ပြောသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...