ကျောင်းအပ်ချိန်တွင် အမည်ရှေ့ စော၊ နန်း၊ နော် ထည့်သွင်းအပ်နှံရေး မွန်ပြည်နယ် ကရင်ဝန်ကြီး တိုက်တွန်း

ကျောင်းအပ်ချိန်တွင် အမည်ရှေ့ စော၊ နန်း၊ နော် ထည့်သွင်းအပ်နှံရေး မွန်ပြည်နယ် ကရင်ဝန်ကြီး တိုက်တွန်း

မွန်ပြည်နယ်အတွင်းနေထိုင်ကြသည့် ကရင်တိုင်းရင်းသားများအနေဖြင့် လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းအပ်ချိန်တွင် ကရင်တိုင်းသားများ၏ အမှတ်လက္ခဏာဖြစ်သည့် စော၊ နန်း၊ နော် တို့ကို ထည့်သွင်း အပ်နှံသွားကြရေး မွန်ပြည်နယ် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က တိုက်တွန်း လိုက် သည်။

တိုင်းရင်းသားများ၏ အမှတ်သင်္ကေတထည့်သွင်းနိုင်ရေးနှင့်ပတ်သက်၍ အလေးထားဂရုပြုအပ်နှံကြရန် သက် ဆိုင်ရာ ကျောင်းသားမိဘ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကရင်စာပေနှင့် ယဉ်ကျေးမှှု ကော်မတီမှ တစ် ဆင့် သိရှိနိုင်ရေး တိုက်တွန်းနှိုးဆော်ပေးရန် မေလ ၂၆ရက်နေ့ ရက်စွဲဖြင့် မွန်ပြည်နယ်ရှိ မြို့နယ် အထွေ ထွေ အုပ်ချုပ်ရေး ဦးစီးဌာန အားလုံးထံ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အကြောင်းကြားစာပေးပို့ ထား ခြင်းဖြစ်သည်။

မွန်ပြည်နယ် ကရင်ရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က “နာမည်မှားယွင်းတာနဲ့ပတ်သက်ပြီး သူတို့အခက်အခဲ တွေကို လာတင်ပြတာတွေရှိတယ်။ လဝကမှာပြန်ပြင်တဲ့အခါ ကြန့်ကြာမှှုတွေ ဖြစ်တဲ့အခါကျတော့ ကျောင်း အပ်ရာသီမှာ သူတို့အတွက် အထောက်အကူဖြစ်အောင်၊ ကိုယ့်ကရင်နာမည်အရှေ့ အမှတ် သင်္ကေတတွေက ထည့်ချင်ကြတာဘဲလေ။ တချို့က ထည့်လို့မရဘူး ထင်နေကြတယ်။ နိုင်ငံတော်က ဒီဟာကို အလေးထား လုပ်ဆောင်ဖို့ ကြေညာထားပြီးဆိုတော့ အဲဒီအတွက် ကိုယ့်အမှတ်သင်္ကေတ မကျန်အောင် သတိ ပေးတိုက် တွန်းတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

မွန်ပြည်နယ်တွင် နေထိုင်သည့် ကရင်တိုင်းရင်းသားမိဘများအနေဖြင့် မိမိတို့၏သားသမီးများအား ယခင်က အခြေခံပညာကျောင်းအဆင့် ကျောင်းအပ်နှံရာတွင် လူမျိုးစု အမှတ်သင်္ကေတအမည်များကို ထည့်သွင်း မရဲ သူများ၊ ထိုသို့ထည့်သွင်းရေးအတွက် အလေးမထားခဲ့မှုများနှင့် မှားယွင်းထည့်သွင်းထားမှုများရှိခဲ့သည်ဟု လည်းသိရသည်။

ထိုသို့မဖြစ်ပေါ်စေရေးအတွက် ကရင်တိုင်းရင်းသား ကျောင်းသားမိဘများအနေဖြင့် မိမိတို့၏ မွေးသက္ကရာဇ် ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်များ မှားယွင်းမှှုမရှိစေရေး အလေးထားရန်လိုအပ်သလို လာမည့်စာသင်နှစ် ကျောင်းအပ်နှံရာတွင်လည်း သားသမီးအမည်များရှေ့ မိမိတို့လူမျိုးစုများ၏အမှတ်သင်္ကေတ အမည်များ ထည့်သွင်းသွားနိုင်ရေး ဂရုပြုရန် လိုအပ်ကြောင်းလည်း ကရင်ရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က ဆက် လက်တိုက်တွန်းပြောဆိုသည်။

 “အစက မထည့်ပေးရကောင်းလားပြောကြတယ်။ အခုက ထည့်ဖို့ တိုက်တွန်းတဲ့အချိန်မှာ ကိုယ်ကိုယ်တိုင်က မမေ့စေလိုဘူး၊ ကိုယ့်ကလေး ကျောင်းအပ်နေတဲ့အချိန်ကာလမှာ မိဘတွေက အလေးနက်ထားပေးဖို့လည်း တိုက်တွန်းချင်ပါတယ်” ဟု ဝန်ကြီး စောအောင်မြင့်ခိုင်က ပြောသည်။

၂၀၂၀-၂၁ ပညာသင်နှစ်မှစတင်၍ အခြေခံပညာဦးစီးဌာနက ဧပြီလ ၁ရက်နေ့မှစတင်ကာ တိုင်းရင်းသား လူမျိုးစုများ၏ အမည်ရှေ့တွင် ၎င်းတို့ကိုကိုယ်စားပြုသည့် အမှတ်သင်္ကေတ စကားလုံးများ ထည့်သွင်း လက်ခံပေးနိုင်ရေး ညွှန်ကြားထားမှှုများ ရှိခဲ့သည်ဟုလည်း သိရသည်။

မွန်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ရှိသည့်အနက် သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ အပေါင်၊ ရေး၊ ကျိုက်ထို၊ ချောင်းဆုံ၊ သံဖြူဇရပ်စသည့် (၈)မြို့နယ်တွင် ကရင်လူမျိုး အမြားအပြားနေထိုက်လျက်ရှိကာ ထိုအထဲမှ သထုံမြိုနယ်မှာ ကရင်လူဦးရေ ၈ သောင်းကျော်ဖြင့် လူဦးရေအများဆုံးနေထိုင်သည့် မြို့နယ်ဖြစ်သည်ဟုလည်း သိရသည်။

ထို့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ကရင်လူဦးရေ ၃ သိန်းနီးပါးရှိသည်ဟု မွန်ပြည်နယ် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက ပြောသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...