ပလက်ဝမြို့နယ်အတွင်း အသွားအလာကန့်သတ်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နိုင်ခြေရှိဟုဆို

ပလက်ဝမြို့နယ်အတွင်း အသွားအလာကန့်သတ်မှုကြောင့် စားနပ်ရိက္ခာပြတ်လပ်နိုင်ခြေရှိဟုဆို

Salai Khup Khup — ပလက်ဝမြို့နယ်အတွင်း အသွားအလာ ကန့်သတ်ခံရခြင်းကြောင့် ယခုလအတွင်း စားနပ်ရိက္ခာ လုံးဝပြတ်လပ်သွားနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝ ဒေသခံတစ်ဦးက “အခုလက်ရှိက နည်းနည်းရှိတဲ့သူက တချို့ဆီမှာ လုံးဝကို ပြတ်သွားပြီ။ ဇွန်လထိ ဆန်က ရောက်မလာနိုင်ဘူး ဆိုရင် ဇွန်လ ပထမအပတ်လောက်ကနေ စပြီး လုံးဝပြတ်လပ်သွားမယ့် အခြေနေရောက်ရှိနေပြီ။ အခက်အခဲအများကြီး ကြုံတွေ့ရနိုင်တယ်”ဟု ပြောသည်။

ပလက်ဝမြို့နယ်တွင် လက်ရှိ စစ်ဘေးရှောင်များသာမက မြို့နေဒေသခံများလည်း စားနပ်ရိက္ခာနှင့် ပတ်သက်ပြီး အခက်အခဲကြုံတွေ့ နေရကြောင်း သိရသည်။

ပလက်ဝဒေသခံ တစ်ဦးက “ဆမီးမှာခိုလှုံနေတဲ့ စစ်ဘေးရှောင်တွေက စားသောက်ရေးမှာ ဖူလှုံတယ်၊ အလှူရှင်တွေကလည်း ဆမီးမြို့ပေါ်အထိ သွားလို့ရတယ်ဆိုတော့ လက်တလောမှာ အဆင်ပြေတယ်၊ အခုက ဆမီးကနေ ပလက်ဝကို လမ်းကြောင်းပိတ် နေတယ်ဆိုတော့ ပလက်ဝမြို့နဲ့အနီးတစ်ဝိုက် ရွာတွေက အသွားအလာလုံးဝ မရဘူးဆိုတော့ စားနပ်ရိက္ခာလို့ ပြောတဲ့နေရာမှာ ဆန်တစ်ခုတည်း မဟုတ်တော့ဘူး၊ တစ်ခြားခြား စားကုန်သောက်ကုန်တွေလည်း ပြတ်ကုန်ပြီ”ဟု ပြောသည်။

ချင်းပြည်နယ် အစိုးရအနေဖြင့် ဆမီးမြို့တွင် ရှိနေသည့် ဆန်အိတ်များကို ပလက်ဝမြို့သို့ ပို့ဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်းလည်း သိရသည်။

ပလက်ဝမြို့နယ် နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို ဆက်သွယ်ရာတွင်လည်းကောင်း ဆမီးမြို့နှင့် မတူပီမြို့ကို ဆက်သွယ်ရာတွင် လည်းကောင်း အရေးပါသည့် ကုလားတန် မြစ်ကူးတံတားပြီးဆုံးပြီ ဖြစ်သော်လည်း နယ်မြေမငြိမ်းချမ်းမှုကြောင့် တံတားပေါ်သို့ မည်သူမှ ဖြတ်သန်းသွားလာခြင်း မရှိသေးကြောင်း သိရသည်။

ပလက်ဝမြို့တွင် တိုက်ပွဲရှောင်သည့် အိမ်ထောင်စု ၁၁၃၂ စုရှိပြီး လူဦးရေအားဖြင့် ၅၀၉ဝဦး ရှိကြောင်းနှင့် ဆမီးမြို့တွင် အိမ်ထောင်စု ၆၉၈ စုရှိပြီး လူဦးရေအားဖြင့် ၂၉၆၁ဦး ရှိကြောင်း ပြည်သူများ အရေးပေါ် ကူညီရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ RRCCI၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...