KNU တပ်မဟာ ၅ နှင့် ၇ ၏ ထိစပ်နယ်မြေတွင် တပ်မတော်အင်အားတိုးချဲ့လာကြောင်း KNLA သတင်းထုတ်ပြန်

KNU တပ်မဟာ ၅ နှင့် ၇ ၏ ထိစပ်နယ်မြေတွင် တပ်မတော်အင်အားတိုးချဲ့လာကြောင်း KNLA သတင်းထုတ်ပြန်

KNU-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၅)နှင့် တပ်မဟာ(၇) ထိစပ်နယ်မြေများတွင် ပြီးခဲ့သည့် ဧပြီလ နှင့် ယခုလ မေလအတွင်း တပ်မတော်မှ တပ်အင်အားသစ်များ ထပ်မံတိုးချဲ့ထားမှု လုပ်ဆောင်လာသည်ဟု   KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က မေလ ၂၉ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

 

KNU ၏ ၎င်းထိစပ်နယ်မြေရှိ သူးမွဲထာ၊ ကော့ကော်ထာ၊ မယ်ပ၊ ကဆောဝါးလေး(ဆင်ဖြူတောင်) ဒေသတွင် တပ်မတော်၏ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈) လက်အောက်ခံတပ်ဖွဲ့မှ အင်အား(၁၅၀)ဦးခန့်နှင့် နယ်ခြားစောင့်တပ် - BGF (၂၀)ဦးခန့် အသစ်ထပ်မံတိုးချဲ့ ထားခြင်းဖြစ်သည်ဟု KNLA ဌာနချုပ်(GHQ) ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

 

ထို့အပြင် စကခ(၈) လက်အောက်ခံ ခမရ(၂၀၇)မှ တပ်လှုပ်ရှားခြင်း၊ ကင်းပုန်းဝပ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် တပ်မဟာ(၅)နယ်မြေအတွင်းရှိ ဘူးအားဒဲ ကျေနယ်အုပ်စုရှိ လယ်က ပေါ်ကျေးရွာမှ အိမ်ခြေ (၁၀)လုံးတွင် လူဦးရေ (၄၇)ဦး၊ ဂေကီတူကျေးရွာမှ အိမ်ခြေ(၁၉)လုံးတွင် လူဦးရေ (၁၂၅)ဦး၊ ဟီဖိုးသာခီးကျေးရွာမှ အိမ်ခြေ(၁၁)လုံးတွင် လူဦးရေ(၆၆) ဦး စုစုပေါင်း အိမ်ခြေ(၄၀)မှ လူဦးရေ(၁၃၈)ဦး တိမ်းရှောင်ခဲ့ရသည်ဟုလည်း KNLA က ဆိုသည်။

 

တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး ၎င်းတို့နယ်မြေအတွင်း တပ်အင်အားနှစ်ဆအ ထိ တိုးချဲ့မှုများပြုလုပ်လာကြောင်း မေလ (၁၅)ရက်နေ့တွင်လည်း KNU က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

 

နိုင်ငံအတွင်း COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်တားဆီးရေးကို ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရန်နှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာစံနှုန်းအတိုင်း မေလ ၁၀ရက်မှ သြဂုတ်လ ၃၁ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၉ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

 

ယင်းသို့ တပ်မတော်ဘက်က သုံးလကျော် အပစ်အခတ် ရပ်စဲကြောင်း ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း KNU တပ်မဟာ (၅)ဘက်တွင် ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

KNU နှင့် အစိုးရတို့ နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA အခန်း(၃) အပိုဒ်(၅)(က)၊ (ဂ)တွင် အပစ်ရပ်နယ်မြေအတွင်း နယ်မြေစိုးမိုးမှု တပ်လှုပ်ရှားခြင်း၊ အင်အားတိုးခ့ျဲခြင်း၊ အင်အားအသစ်ဖြည့်တင်းခြင်း မပြုလုပ်ရန် ပါရှိသည်။

 

တပ်မတော်အင်အားတိုးချဲ့မှု ကိစ္စနှင့်ပတ်သက်၍ တပ်မတော် တာဝန်ရှိသူများကို ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း သတင်းတင်ချိန်အထိ ဆက်သွယ်၍ မရရှိခဲ့ပေ။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...