သဇင်မြိုင်စခန်းတိုက်ခိုက်ခံရပြီးနောက် နောက်ထပ်တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်၍ ဒေသခံပြည်သူများ ဘေးလွတ်ရာကိုထွက်ပြေး

သဇင်မြိုင်စခန်းတိုက်ခိုက်ခံရပြီးနောက် နောက်ထပ်တိုက်ပွဲများဖြစ်ပွားမည်ကိုစိုးရိမ်၍ ဒေသခံပြည်သူများ ဘေးလွတ်ရာကိုထွက်ပြေး

နိရဉ္စရာ — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်နယ်ခြားစောင့်စခန်း တိုက်ခံရပြီး တစ်ရက်အကြာ မေလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်က အောင်ဇေယျ အတွင်းပြင်ဘက်မှ ပေါက်ကွဲသံနှင့်အတူ သေနတ်ပစ်သံများကြားရသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်ကာ ဒေသခံကျေးရွာသားများ ရွာကို စွန့်ခွာထွက်ပြေး နေကြသည်ဟု သတင်းရရှိသည်။

ထွက်ပြေးနေကြသော ကျေးရွာများမှာ သဇင်မြိုင်၊ ပိတောက်မြိုင်၊ အောင်ဇေယျ၊ အတွင်းပြင်၊ ချွတ်ပြင်သာမက (ပ)အိုးသည်မ၊ စက်ခေါ်၊ ငွေတောင် (ငလှမ်းပြင်)၊ ကျိန်ကျောင်၊ မာန်အောင်၊ သာစည်၊ ဒိုးဝေရွာ စသည့် ကျေးရွာများမှလည်း ထွက်ပြေးနေကြသည်ဟု ဒေသခံများက ပြောကြားသည်။

ဒေသခံ တစ်ဦးက “ အခု စစ်ကြောင်းတွေလည်း တက်လာတယ်။ ကျွန်တော်တို့ (ပ) အိုးသည်မကျေးရွာနဲ့ နောက်ဘက် တောင်ချိုင် မယူတောင်ထဲကနေ ပစ်ခတ်သံတွေကို ကြားရတယ်။ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ် အစပ် အတွင်းပြင်ဘက်က ကြားရပါတယ်။ မနက် ၁၁ နာရီခွဲလောက်က ဖြစ်ပါတယ်။ အခုထိ ပစ်သံတွေကိုတော့ ကြိုကြား ကြိုကြား ပစ်နေသံတွေကို ကြားနေရပါတယ်” ဟု မေလ ၃၀ ရက် နေ့လယ် ၁ နာရီ ၅ဝ မိနစ်က ပြောကြားသည်။

၎င်းပြင် တပ်မတော်စစ်ကြောင်းများလည်း အနီးအနားကျေးရွာများသို့ ရောက်ရှိနေကြောင်းကြားသိရ၍ ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်တို့ အောင်ဇေယျ၊ အတွင်းပြင်၊ ချွတ်ပြင်၊ (ပ)အိုးသည်မ၊ စက်ခေါ်၊ ငွေတောင် (ငလှမ်းပြင်) စတဲ့ရွာတွေက လူတွေက ဖက်လိပ်၊ စေတီပြင်ဘက်ကို ပြေးပါတယ်။ ကျိန်ကျောင်၊မာန်အောင်၊ ဒိုးဝေ၊ သာစည် ဘက်ကတော့ ဘူးသီးတောင်မြို့နယ် သည်ကံခွဆုံဘက်ကို ပြေးကြပါတယ်”ဟု ပြောကြားသည်။

နောက်ထပ် ဒေသခံ တစ်ဦးက “ ဒီဘက်က တောင်နားတစ်လျှောက် ရွာတွေကတော့ မနေ့တည်းက ပြေးကြတယ်။ စက်ခေါ်နဲ့ ငွေတောင်ရွာဘက်က လူတွေကတော့ မြစ်ထဲကနေ ဇက်သင်္ဘောနဲ့ စစ်ကြောင်း တွေ တက်လာတယ်ဆိုပြီး ပြေးကြပါတယ်။ ပြေးတာကတော့ ဖက်လိပ်၊ စေတီပြင်ဘက်ကို ပြေးကြပါတယ်။ ကျွန်တော်တို့ ရွာအနီးဝန်းကျင်မှာတော့ ရွာကနေ ထွက်ပြေးတာ ၁ဝဝဝ ကျော်လောက်ရှိပါတယ်။ ဟိုဘက်က လူတွေ အရေအတွက် ဘယ်လောက်လဲဆိုတာ ခန့်မှန်းမတတ်ပါ” ဟု ပြောကြားသည်။

၎င်းပြင် ရသေ့တောင်မြို့နယ် သမီးလှ ကျေးရွာတည့်တည့် မေယူမြစ်ထဲတွင် ဇက်ရေတပ် ကမ်းထိုးရေယာဉ် နှစ်စီးရောက်ရှိနေသဖြင့် မေယူဖြစ် အရှေ့ဘက်ကမ်းမှ သမီးလှ၊ ရက္ခူတိုင်၊ ဇေယျာမြိုင်၊ အိုးဖောက်၊ ဆင်ခုံတိုင်ဘက်က ကျေးရွာသားများလည်း ထွက်ပြေးနေကြသည်ဟု သတင်းရရှိကြောင်း ပြောသည်။

ယမန်နေ့ မေလ ၂၉ ရက်နေ့ ညဉ့်အစောကြီး အချိန်က သဇင်မြိုင် နယ်ခြားစောင့်ကင်းစခန်းကို AA က ဝင်တိုက်ပြီးနောက် စစ်ကြောင်းများ တက်လာသဖြင့် ၎င်းစစ်ကြောင်းများနှင့် AA တို့အကြား တိုက်ပွဲ ဖြစ်ပွားလာမည်ကို စိုးရိမ်ကာ ဒေသခံ ရွာသားများ ထွက်ပြေးနေကြသည်ဟု ၎င်းက ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်သို့ ဆက်သွယ်ရာ သဇင်မြိုင်နယ်ခြားစောင့် စခန်းအနီးတဝိုက်ရှိ ကျေးရွာသားများ နောက်ထပ်တိုက်ပွဲများကို စိုးရိမ်၍ ထွက်ပြေးနေကြသည်ဟု သတင်းရရှိကြောင်း၊ ပိတောက်မြိုင်၊ သဇင်မြိုင်၊ ဘူးသီးတောင်နယ်စပ်မှ အောင်ဇေယျတို့ ပါဝင်ကြောင်း၊ မေယူမြစ် အရှေ့ဘက်ကမ်း သမီးလှ၊ အိုးဖောက်ရွာများဘက်မှ ထွက်ပြေးနေကြသည် ဆိုသည့် သတင်းကို မရရှိသေးကြောင်း ပြောကြားသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...