လားနွန် – အခြေခံပညာကျောင်းများကို လာမည့် ဇူလိုင်လ (၂၁) ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ပြီး ဆမီးမြို့စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိနေကြသည့် ကျောင်းနေအရွယ်ကလေးငယ်များသည် ကျောင်းဆောင်အခက်အခဲကြောင့် အချိန်မီတက်ရောက်ရန် အခက်အခဲဖြစ်လာနိုင်သည်ဟု သိရသည်။
စစ်ရေးပဋိပက္ခကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့သို့ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်ပြည်သူ (၃၀၀၀) နီးပါးရှိသည့်အနက် မူလတန်းမှ (၁၀) တန်းအထိ တက်ရောက်မည့် ကျောင်းသားကျောင်းသူ (၇၀၀) ကျော်ရှိပြီး ၎င်းတို့ပညာသင်ကြားနိုင်ရန်အတွက် ကျောင်းဆောင်များအချိန်မီ ဆောက်လုပ်ပေးရန်လိုအပ်သည်ဟု စစ်ဘေးရှောင်ပြည်သူများအရေးဆောင်ရွက်ပေးနေသည့် People Hope Organization မှ ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။
“ အခုလောလောဆယ်မှာ ကျောင်းဖွင့်ဖို့က ဘယ်လောက်မှမလိုတော့ဘူး၊ ဇွန်လိုင် (၂၁) ဆိုတော့လေ အခုကဇွန်ရောက်တော့မယ်ဆိုတော့ ဒီကြားထဲမှာ မိုးရာသီဖြစ်တဲ့ခါကျတော့ ကျနော်တို့ချင်းတောင်မှာကျတော့ မိုးက (၂၄) နာရီရွာတယ်ဆိုတော့ အလုပ်လုပ်ဖို့ကအခက်အခဲအများကြီးရှိတဲ့အခါမှာ အချိန်မှီပါ့မလားဆိုတာ ကျနော့်အနေနဲ့ စိုးရိမ်မိပါတယ်၊ ကျနော်ထင်တာကတော့ အခုကျောင်းသားက (၇၀၀) ကျော်ဆိုတော့ ဆမီး အ.ထ.က ကျောင်းနဲ့ အ.လ.က လိပ်ကုန်းကျောင်းမှာလည်းပဲ သူ့ကျောင်းသားနဲ့သူရှိတဲ့အခါမှာ အဆောင်လုံလောက်မှု ဘယ်လိုမှမရှိတဲ့အတွက်ကြောင့် ကျနော်တို့ (၇၃၃) ယောက်သော ကျောင်းသူကျောင်းသားများအတွက် ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းဆောင်တွေ အမြန်ဆုံးလိုအပ်မယ် ပြီးတော့စားပွဲထိုင်ခုံလည်း လုံးဝမရှိဘူး ကျောင်းဆောင်ဆောက်မယ်ဆိုတာတွေလည်းရှိတဲ့အခါ ကျနော်တို့က အချိန်မှီမလားဆိုတာကို နည်းနည်းသုံးသပ်ဖို့ခက်နေတယ် အခက်အခဲဖြစ်နေတယ်” ဟု People Hope Organization ဒါရိုက်တာ ဦးဇော်လီအောင်ကပြောသည်။
ဆမီးမြို့တွင် အ.ထ.က ကျောင်းနှင့် အ.လ.က လိပ်ကုန်းကျောင်း (၂) ကျာင်းရှိသော်လည်း (၇၀၀) ကျော်ခန့်ရှိသော စစ်ဘေးရှောင်ကျောင်းသားများကို တက်ရောက်ခိုင်းမည်ဆိုပါက ကျောင်းဆောင်အနေအထားနှင့် မဖြစ်နိုင်ကြောင်း စစ်ဘေးရှောင်ကျောင်းသားများအတွက် ကျောင်းဆောင်အသစ်ဆောက်ရန် လိုအပ်ကြောင်း သို့သော်လည်း မိုးတွင်းကာလဖြစ်သည့်အတွက် ကျောင်းမဖွင့်ခင် အချိန်မီမပြီးနိုင်မှာကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကတော့ ဆမီးမြို့ရှိ စစ်ဘေးရှောင်ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယာယီကျောင်းဆောင်များဆောက်ပေးမည်ဟု ပြောသည်။
“သူတို့နေဖို့ထိုင်ဖို့တောင်မှ ဆောက်နေတုန်းဘဲ ဘာမှမပြီးသေးဘူး၊ အိမ်လေးတွေဆောက်ထားတယ် နောက်ပိုင်းမှာ ပေ (၈၀ x ၃၀) လေးတွေဆောက်ဖို့ရှိတယ်၊ အဲဒါလေးတွေ ညိုနှိုင်းပေးတော့ ပညာရေးလည်းမပျက်အောင် လောလောဆယ် တိုက်ပွဲဖြစ်နေဆဲဖြစ်တုန်းပဲဆိုတော့ စနစ်တကျတော့ ဘာမှလုပ်လို့မရသေးဘူး ဒါပေမဲ့ IDP camp မှစာသင်လို့ရအောင် စီစဉ်ပေးရမယ်၊ စစ်ဘေးရှောင်အတွက် ကျောင်းဆောင်တော့ ချက်ချင်းဆောက်ပေးနိုင်မှာမဟုတ်ဘူး စာသင်လို့ရအောင်တော့ စီစဉ်ပေးဖို့ရှိတယ်၊ ဆိုလိုတာက ကျောင်းဆောင်တွေက အဲဒီမှာသွားဆောက်ပေးလို့ရှိရင် စစ်ဖြစ်ရင်တော့ တစ်နေရာမှာသွားရင်လည်း သွားရမှာပေ့ါ ဒါပေမဲ့ စစ်ရေးကလည်း ဘာမှခန့်မှန်းလို့မရဘူး ကြားထဲမှာ စာသင်လို့ရအောင် တစ်နည်းတော့ စီစဉ်ရမယ်၊ စစ်ဘေးဖြစ်တဲ့နေရာမှာတော့ ကျောင်းပြန်တက်တာတော့ နည်းနည်းနောက်ကျသွားရင်နောက်ကျသွားနိုင်တယ် လိုအပ်ချက်တွေဖြည့်စည်းနိုင်ဖို့ နိုင်ငံတော်အစိုးရကနေ ကြိုးစားနေတာဆိုတော့ ပညာရေးမပျက်သွားဖို့ဆောင်ရွက်မယ် အားလုံးစစ်မဖြစ်တဲ့နေရာတွေနဲ့ နှိုင်းယှဉ်လို့တော့ မရဘူး သူတို့ထက်နည်းနည်းနောက်ကျနိုင်တယ်” ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။
ယခုလက်ရှိ ဆမီးမြို့တွင် (IDPs Camp) စစ်ဘေးရှောင်စခန်း (၈) နေရာရှိပြီး အိမ်ထောင်စု (၆၉၀) လူဦးရေ (၂၉၀၀) ကျော်ရှိသည်။ အဆိုပါစစ်ဘေးရှောင်စခန်းများတွင် လာမည့် ၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသား (၃၇၄) ယောက်၊ ကျောင်းသူ (၃၆၀) ရှိကာ မူလတန်းနှင့် အထက်တန်း အများဆုံးဖြစ်ကြောင်းသိရသည်။







