ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ မြို့နယ် ၃ ခုတွင်ရေကန်ပေါင်း ၁၁ ကန် တူးဖော်လှူဒါန်း

ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ မြို့နယ် ၃ ခုတွင်ရေကန်ပေါင်း ၁၁ ကန် တူးဖော်လှူဒါန်း
ဓာတ်ပုံ- Daw Khin Thain Post
ဓာတ်ပုံ- Daw Khin Thain Post

ရေရှားပါး၍ အခက်အခဲဖြစ်နေသော ရခိုင်ပြည်နယ် မြို့နယ် ၃ ခုမှ ကျေးရွာပေါင်း ၁၁ ရွာတွင် ရေကန် ပေါင်း ၁၁ ကန်ကို ဒေါက်တာစောမြအောင်ဖောင်းဒေးရှင်းမှ တူးဖော်လှူဒါန်းကြောင်း သတင်း ရရှိသည်။

ဒေါက်တာစောမြအောင်ဖောင်းဒေးရှင်းမှ စီမံကိန်း ဒါရိုက်တာ ဒေါ်ခင်သန်းက “ အခု လောလောဆယ် တူးဖော် လှူဒါန်းက ၁၁ ကန်ပါ။ အဓိက ရေနဲ့ အခက်အခဲဖြစ်နေကြတဲ့ ကျေးရွာတွေကို တူးဖော် လှူဒါန်းတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောဆိုသည်။

လက်ရှိ တူးဖော်လှူဒါန်းသောကန်များမှာ မြောက်ဦးမြို့နယ်တွင် ၄ ကန်၊ ကျောက်တော်မြို့နယ်တွင် ၄ ကန်နှင့် မင်းပြားမြို့နယ်တွင် ၃ ကန်ဖြစ်ကြောင်း သိရသည်။

“ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ တူးဖော်ပြီးသွားတာက မြောက်ဦးမြို့နယ် ပုဇွန်ဖေကျေးရွာမှာပါ။ ဒီရွာမှာက ကန်ကြီး ၄ ကန်ရှိပါတယ်။ ရွာသားတွေနဲ့ ဒီကန် ၄ ကန်နဲ့ လုံလောက်ပါတယ်။ ဒါပေမယ့် ရွာထဲမှာ စစ်ပြေးရှောင် ၁ဝဝ ကျော်လောက်တည်းခိုနေတော့ ရေမလောက်မငှ ဖြစ်ပြီး အခက်ကြုံသွားတယ်။ အဲဒါနဲ့ ပေ ၁၅ဝ ပတ်လည်ရှိတဲ့ ကန်တစ်ကန်ကို တူးဖော်တယ်။ ကျပ် သိန်း ၂ဝ ကုန်ကျပါတယ်။ အဲဒီမှာ ရှိနေတဲ့ ဒုက္ခသည်တွေက သူတို့ တူးဖော်မယ်ဆိုတော့ လူပေါင်း ၁ဝဝ လောက်နဲ့ တူးတာ ၃ ရက်နဲ့ ပီးသွားတယ်။ ဒုက္ခသည်တွေအတွက် အပို သားငါးဟင်း ဝယ်စားဖို့ ပိုက်ဆံရသွားကြတာပေါ့” ဟု ပြောကြားသည်။

အလားတူ မြောက်ဦးမြို့နယ်မှ နကန် ကျေးရွာ၊ ပီပင်ရင်းကျေးရွာနှင့် ထိပ်ဝပြင်ကျေးရွာတို့တွင်လည်း တစ်ကန်ကျစီ တူးဖော်နေသည်ဟု သိရသည်။

“ အဓိကတော့ အဲဒီရွာတွေမှာ စစ်ရှောင်ဒုက္ခသည်တွေ ရောက်လာတော့ ရေက အခြေအနေ ဆိုးသွားတယ်။ ပီပင်ရင်းကျေးရွာမှာဆိုရင် ရေလုံးဝ ပြတ်သွားတဲ့ အတွက် ICRC က တစ်နေ့ရေကား ရှစ်စီး၊ ကိုးစီးနဲ့ လာလှူတာတောင် မလောက်မငှ ဖြစ်သွားတယ်။ ဒါနဲ့ ရေကန်တွေ ဖော်ကြမလား မေးတော့ အဲဒီမှာ ရောက်နေကြတဲ့ စစ်ရှောင်တွေက ဖော်မယ်ဆိုတော့ ပေ ၂၅ဝ ပတ်လည်ရှိတဲ့ ရေကန် တစ်ကန်ကို ကျပ်သိန်း ၄ဝ အကုန်အကျခံပြီး ဖော်နေပါတယ်။ နကန်ကျေးရွာမှလည်း ပေ ၁၅ဝ ပတ်လည်ရှိတဲ့ ကန်တစ်ကန်ကို ကျပ်သိန်း ၂ဝ အကုန်အကျခံပြီး တူးဖော်ခဲ့ပါတယ်။ မိုးရွာတာနဲ့ ရေရပြီလေ” ဟု ဒေါ်ခင်သန်းက ပြောသည်။

ရေကန်များတူးဖော်ရာတွင် ပေ ၁၅ဝ ပတ်လည်ကို ကျပ် သိန်း ၂ဝ၊ ပေ ၂၅ဝ ပတ်လည်ကို ကျပ်သိန်း ၄ဝ ကူညီထောက်ပံ့ပေးပြီး တူးဖော်ရာတွင် ကန်သစ်များပါဝင်သလို ကန်ဟောင်းများလည်း ပါဝင်ကြောင်း၊ ရခိုင်ပြည်နယ် မြို့နယ် အနှံ့အပြားတွင် ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ ကူညီ လှူဒါန်းခဲ့သော ရေကန်ပေါင်းမှာ ၉ဝ ရှိသွားပြီဟု ပြောဆိုသည်။

ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းကို ကွယ်လွန်သွားပြီ ဖြစ်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောင်သူ ရခိုင်သမားတော်ကြီး ဒေါက်တာ စောမြအောင်အား ဂုဏ်ပြုသည့် အနေဖြင့် သားသမီးများနှင့် ဒေါက်တာစောမြအောင် ချစ်မြတ်နိုးသူများမှ ထူထောင်ထားခြင်း ဖြစ်သည်။

၎င်းဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ်အတွင်း ရှေရှားပါးသော ကျေးရွာများတွင် ရေကန်များတူးဖော် လှူဒါန်းသည်သာမက စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ အခါအားလျော်စွာ နိုင်ငံခြားမှ သမားတော်ကြီးများကို ကူညီတောင်းခံပြီး ဆေးဝါးကုသပေးခြင်း၊ ခြေတုလက်တု တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာများ ကူညီလှူဒါန်းခြင်း များကိုလည်း ကူညီဆောင်ရွက်နေသော လူမှုအဖွဲ့တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...
December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...