ပလက်ဝမြို့တွင် လူနေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်

ပလက်ဝမြို့တွင် လူနေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်

နှင်းနှင်း – ချင်းပြည်နယ် ပလက်ဝမြို့ ရိက္ခာရပ်ကွက်ရှိ ဦးထောင်ကိန်း၏နေအိမ်သည် မေလ ၂၅ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီခွဲဝန်းကျင်ခန့်က လက်နက်ကြီးကျည်ထိမှန်ကာ မီးဖိုဆောင်ပျက်စီးသွားပြီး လူအသေအပျောက်တော့ မရှိကြောင်း ပလက်ဝမြို့ဒေသခံများထံမှသိရသည်။

ပလက်ဝမြို့ဒေသခံတစ်ဦးက “ဟုတ်ပါတယ် ၁၁း၂၀ လောက်မှာ အိမ်ရဲ့အနောက်ဖက်ခြမ်း မီးဖိုဆောင်မှာထိတာ မီးဖိုဆောင်တော့ ပျက်စီးသွားတာပေါ့ဗျာ။ တခြားအသုံးဆောင်တွေလည်း ပျက်ဆီးသွားတာပေါ့။ လူတွေတော့ အဲ့နောက်ဖက်ခြမ်းမှာမရှိတော့ အရှေ့ဖက် အကာအကွယ်ရှိတဲ့ဖက်ခြမ်းမှာ ထိုင်နေကြတော့ လူတွေတော့ ဘာမှမဖြစ်ဘူး။ အဲ့ဒီအသံကြောင့် နားအူတာတွေတော့ ရှိတာပေါ့ ဗျာ” ဟု ပြောသည်။

ပလက်ဝမြို့နယ်သည် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) တို့တိုက်ပွဲဖြစ်ပွားရာဒေသဖြစ်ပြီး ပလက်ဝမြို့နှင့် မလှမ်းမကမ်းတောင်ကုန်းပေါ်တွင် AA တပ်ဖွဲ့များ တပ်စွဲလာသည့်နောက်ပိုင်း တပ်မတော်နှင့် လက်နက်ကြီးများဖြင့် အပြန် အလှန်ပစ်ခတ်မှု မကြာခဏဖြစ်ပွားလေ့ရှိကာ မြို့ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုများဖြစ်ပွားလေ့ရှိသည်။

ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်နေ့ကလည်း ပလက်ဝမြို့ပေါ် မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းအိမ်ရာဝန်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှစ်ဦးအပါအဝင် အသက် ၂၆ နှစ်အရွယ် ဘဏ်ဝန်ထမ်းအမျိူးသမီးတစ်ဦးပွဲချင်းပြီးသေဆုံးခဲ့သည်။

ယခုလက်ရှိတွင် မြန်မာ့တပ်မတော်သည် ပလက်ဝ၏ အရှေ့ဘက်ခြမ်းတွင်ရှိပြီး AA အဖွဲ့ သည် ပလက်ဝ မြို့၏ အနောက်ဘက် တောင်ကုန်းများတွင် နေရာယူထားကာ တိုက်ပွဲများပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။

May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...