ပုဏ္ဏားကျွန်းမြို့နယ်မှ မြိုတိုင်းရင်းသား ၂ ဦး မိုင်းထိ၍ဒဏ်ရာပြင်းထန်ရ

ပုဏ္ဏားကျွန်းမြို့နယ်မှ မြိုတိုင်းရင်းသား ၂ ဦး မိုင်းထိ၍ဒဏ်ရာပြင်းထန်ရ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မြိုတိုင်းရင်းသား ၂ ဦး မိုင်းထိပြီး ခြေထောက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်ဟု သတင်းရရှိသည်။

၎င်းမြိုတိုင်းရင်းသား ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် ကံသစ်ကျေးရွာမှ ဦးထွေးအောင် (၄ဝ) နှစ်နှင့် ဦးအောင်ဇံဝေ (၄၂) နှစ်တို့ ဖြစ်ကြပြီး မေလ ၂၄ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က ရွာအနီးရှိ တောင်ကုန်းတစ်ခုကို သစ်ခုတ်ရန် သွားရာမှ မိုင်းပေါက်ကွဲကာ ခြေထောက်တွင် ဒဏ်ရာ အသီးသီး ပြင်းထန်စွာ ရရှိသွားသည်ဟု ကျေးရွာသားများက နိရဉ္စရာသို့ ပြောသည်။

ကံသစ်ကျေးရွာမှ ဆယ်အိမ်မှူး ဦးကံထွန်းအောင်က “ရွာနားက မင်းမတောင်ကုန်းဘက်ကို သစ်သွားခုတ် တာပါ။ အဲဒီတောင်ကုန်း ဟိုဘက်ကို ကျော်ပြီးသွားတာ လမ်းမှာ ဖြစ်တာပါ။ ပေါက်ကွဲသံကို ကျွန်တော်တို့ ရွာက အသံအကျယ်ကြီး ကြားရပါတယ်။ မိုင်းထိသွားတဲ့ နှစ်ယောက်လုံးမှာ ခြေထောက်တစ်ဘက်စီ ပြတ်သွားပါတယ်။ ခြေထောက်ကို အဲဒီ မိုင်းပေါက်ကွဲတဲ့ နေရာမှာ ရှာမတွေ့ပါဘူး။ ခြေထောက်က ပြတ်ပြီး ဘယ်နားရောက်သွားမှန်း မသိပါဘူး။ မိုင်းက တစ်ယောက်တစ်နေရာ ပေါက်ကွဲတာပါ။ တစ်နေရာတည်းမှာ ထိကြတာ မဟုတ်ပါဘူး” ဟု နိရဉ္စရာသို့ ပြောသည်။

ယနေ့ ၁၂ နာရီခွဲခန့်က ဦးအောင်ထွေးသည် မင်းမတောင်ကုန်းဘက်သို့ သစ်သွားခုတ်စဉ် ယင်းတောင်ကုန်းအနီးတဝိုက်မှ ပေါက်ကွဲသံကြား၍ ယနေ့ နေ့လယ် ၁ နာရီခန့်က ဦးအောင်ဇံဝေနှင့်အတူ ကျေးရွာသားအချို့ ယင်းနေရာသို့ သွားကြည့်ကြရာ အဆိုပါ မင်းမတောင်ကုန်းသို့ မတက်မီ တောင်ကုန်းအောက်တွင် နောက်ထပ် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဦးအောင်ဇံဝေ၏ ခြေထောက်ကို ထိသွားခြင်းဖြစ်ကြောင်း ဆယ်အိမ်မှူး ဦးကံထွန်းအောင်က ဆက်ပြောသည်။

“ပထမ ပေါက်ကွဲသံကိုကြားပြီး ကျွန်တော်တို့နဲ့အတူ အောင်ဇံဝေနဲ့ သွားကြတာ အဲဒီမှာ ထပ်ပြီး ပေါက်ကွဲ တာပါ။ အဲဒါကြောင့် ကျွန်တော်တို့လည်း ပထမဆုံးပေါက်ကွဲမှုဖြစ်တဲ့ ထွေးအောင်ကို သွားမယူရဲကြတော့ဘူး။ နေ့ခင်း ၂ နာရီကျော်လောက်ကမှ သွားယူကြပါတယ်။ ဘယ်သူထောင်တဲ့ မိုင်းဆိုတာတော့ ကျွန်တော်တို့ ရွာသားတွေ မပြောနိုင်ပါ ” ဟု ဦးကံထွန်းအောင်က နိရဉ္စရာသို့ ပြောသည်။

ပေါက်ကွဲမှုဖြစ်ပွား၍ ဦးထွေးအောင်မှာ ဘယ်ဘက် ဒူးမှ ပြတ်သွားကာ ညာဘက်ခြေထောက်တွင်လည်း ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း၊ ဦးအောင်ဇံဝေမှာ ညာဘက် ပေါင်ပြတ်သွားကြောင်း ဦးကံထွန်းအောင်က ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်အား နိရဉ္စရာမှ ဆက်သွယ်ခဲ့ရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုပြောကြားသည်။

အဆိုပါ ကံသစ်ကျေးရွာမှ မြိုတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာဖြစ်ကြောင်း၊ ယင်းကျေးရွာ၏ အနောက်ဘက် ၂ မိုင်ခန့်အကွာတွင် ယင်း မင်းမတောင်ကုန်း တည်ရှိခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဦးအောင်ဇံဝေအား ပုဏ္ဏားကျွန်းဆေးရုံသို့ တင်ဆောင်သွားကာ ယင်းမှတစ်ဆင့် စစ်တွေဆေးရုံသို့ ယူဆောင်သွားမည်ဖြစ်ကြောင်း၊ ဦးထွေးအောင်ကိုလည်း ဆေးရုံသို့ ပို့ဆောင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲခဲ့သည့် နေရာအနီးတဝိုက်တို့တွင် ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် အောက်တိုဘာလအတွင်းက နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...