မင်းပြားမြို့နယ်မှ ကျေးရွာအများအပြား သောက်သုံးရေပြတ်လပ်

မင်းပြားမြို့နယ်မှ ကျေးရွာအများအပြား သောက်သုံးရေပြတ်လပ်

အိမ်စိုးဖြူ — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင် ရေကန်များ ခမ်းခြောက်သွားသဖြင့် သောက်သုံးရေ ပြတ်လပ်ပြီး အခက်အခဲများဖြစ်ပေါ်ကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ် ကျေးလက်ဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းစိုးက ရေရှားနေကြောင်းကို အတည်ပြုပြီး မြို့ပေါ်တွင်သာမက ကျေးလက်ဒေသများတွင် သောက်သုံးရေပြတ်လပ်နေကြောင်း ယနေ့ ညနေ ၅ နာရီခန့်က နိရဉ္စရာသတင်းဌာနမှ ဆက်သွယ်စဉ် ပြောကြားသည်။

"ကျနော့်ဆီကို လာတင်ပြတဲ့ ကျေးရွာက ၅ ရွာလောက်ရှိပြီ။ တစ်ခြားရွာတွေမှာလည် းဒီလို ရေမရ ကြတော့ဘူး။ အခက်အခဲက ဘာရှိလဲဆိုတော့ မြို့ပေါ်မှာလည်း ရေမရှိတော့ဘူးဆိုတော့ သူတို့ကို ဘယ်လိုမှ ကူညီလို့ မရဖြစ်နေတယ်။ သောက်သုံးရေက ရာမောင်တံတားအကျော် မြောင်ကြီးချေနဲ့ မြောင်ငယ်ချေမှာပဲ ရှိတယ်။ အဲဒီက ရေကိုသယ်ဖို့ ဘယ်သူကမှ တာဝန်မယူဘူး။ တပ်ကလည်း တာဝန်မယူဘူး။ အဲဒီနားတွေမှာက တိုက်ပွဲဖြစ်နေတာကိုး"ဟု သူကပြောသည်။

ကျေးလက်ဦးစီးဌာနအား တင်ပြလာသည့် ကျေးရွာ ၅ ရွာတွင် ရေလုံးဝပြတ်လပ်နေပြီး ယင်းရွာများမှာ ရွှေကျန်၊ သောင်းခုံမော်၊ ငန်းတက်၊ ဖလောင်းပြင်နှင့် ဘူးပြင်ကျေးရွာများဖြစ်ကာ အိမ်ခြေ တစ်ထောင်ကျော်ခန့်ရှိသည်ဟုလည်း သူကပြောသည်။

၎င်းပြင် ကျေးလက်ဦးစီးဌာနသို့ မတင်ပြသည့် ကျေးရွာအများအပြားလည်း ရှိကြောင်း၊ ထို ကျေးရွာများ အထဲတွင် မင်းဖူးကျေးရွာ၊ ဖေသာပြင်စသည့်ကျေးရွာတို့ ပါဝင်ပြီး မင်းဖူးရွာရှိ ရေကန် ၄ ခုလုံးတွင် ရေလုံးဝမရှိတော့ကြောင်း မင်းဖူးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစံသိန်းက ပြောသည်။

"ရေကန်တွေမှာရေလုံးဝမရှိတော့ဘူး။ ဟိုတစ်ရက်နှစ်ရက်က မိုးတစ်ကြိမ်နှစ်ကြိမ်ရွာခဲ့တော့ နည်းနည်းရလိုက်ကြတယ်။ ဒါပေမယ့် သုံးလို့မရဘူး။ ရေက ရွှံ့ ရေတွေကို။ အတော်လေး အခက်ခဲ ဖြစ်နေပါတယ်။ သောက်ဖို့ရေလည်း မရှိဘူး။ တောထဲက ရေရတဲ့နေရာတွေကနေ သွားခပ်နေရတယ်။ အသက်က အသေမခံနိုင်တာကို "ဟု ဦးစံသိန်းက ပြောသည်။

ဖေသာပြင်ကျေးရွာတွင်လည်း ကန်များတွင် ရေခမ်းခြောက်သွားသဖြင့် ချောင်းထဲမှ ဆားငန်ရေကို ချိုးနေကြရကြောင်း ကျောင်းထိုင်ဆရာတော် ဦးအရိယကမိန့်ကြားသည်။

"ရွာကလူတွေ ရေလည်း မချိုးရဘူး။ သောက်ဖို့ရေတောင်မရှိတာကို။ လွန်ခဲ့တဲ့ ရက်ကမိုးရွာခဲ့တယ်။ ဒါပေမဲ့ အခု မရှိတော့ဘူး။ ဘေးနားက ကြက်ယက်ရွာကကန်မှာ ရေနည်းနည်းကျန်တော့ အဲဒီရွာက တစ်နေ့ကို တစ်နာရီ ဖွင့်ပေးတယ်။ ရွာသားတွေ စုပြုံပြီး သွားခပ်ရတယ်။ ရေချိုးချင်ရင် ငန်တဲ့ ချောင်းထဲကိုဆင်း။ ပြန်တက်လာရင် ရေချိုတစ်ခွက် ခန္ဓာကိုယ်ပေါ်ကို သွန်ရတယ်။ အဲသလိုထိ ဖြစ်နေတာ။ ရေရှားပြီး အခက်အခဲတော်တော် ဖြစ်နေပါတယ်"ဟု ဆရာတော်က မိန့်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းပြားမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းသို့ ဆက်သွယ်ရာ ၎င်းကိစ္စအား သိရှိခြင်းမရှိသေးကြောင်းပြောဆိုကာ ထပ်မံဖြေဆိုခြင်းမရှိခဲ့ပါ။

မင်းပြားမြို့နယ် တစ်ခုလုံးတွင် ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၆၂ စုရှိပြီး ကျေးရွာအများစုမှာ နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...