ထိုင်းရှိ မြန်မာသံရုံးအစီအစဉ်ဖြင့် မြဝတီနယ်စပ်မှတဆင့် ထိုင်းပြန်မြန်မာလုပ်သား ၆၀၀ ကျော် စတင်ဝင်ရောက်

ထိုင်းရှိ မြန်မာသံရုံးအစီအစဉ်ဖြင့် မြဝတီနယ်စပ်မှတဆင့် ထိုင်းပြန်မြန်မာလုပ်သား ၆၀၀ ကျော် စတင်ဝင်ရောက်

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးအစီအစဉ်ဖြင့် ထိုင်း-မြန်မာနယ်စပ် မြဝတီနယ်စပ်ဝင်ပေါက်မှတဆင့် မေလ ၂၃ ရက် မွန်းလွဲ ၅ နာရီအချိန် နောက်ဆုံးစာရင်းအရ ထိုင်းပြန်မြန်မာလုပ်သား ၆၀၃ ဦး ပြည်တွင်းသို့ ဝင်ရောက်လာ ကြောင်း သိရသည်။

ယနေ့ ဝင်ရောက်လာသူများမှာ ထိုင်းအစိုးရ နှင့် မြန်မာသံရုံးတို့၏ နှစ်ဘက်သဘောတူညီမှုအရ ပထမအကြိမ် မေလ ၂၂ ရက်နေ့ ညပိုင်းက ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်မှ မှန်လုံယာဉ် ၁၀ စီးဖြင့် ပို့ဆောင်လိုက်သော ထိုင်းပြန်မြန်မာလုပ်သား ၂၁၁ဦးနှင့် သံရုံးထောက်ခံစာယူပြီး မိမိအစီအစဉ်နှင့်ပြန်လာသူ ၃၉၂ ဦးတို့ ဖြစ်သည်။

ထိုသို့ပြန်ဝင်လာသူများကို ထိုင်း-မြန်မာ အမှတ် ၂ တံတား မြဝတီဘက်ခြမ်းတွင် ကျန်းမာရေးဝန်ထမ်းများ ဌာန ဆိုင်ရာများနှင့် စေတနာ့ဝန်ထမ်း(Volunteer) များမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက် ရယူခြင်း၊ နေရပ်လိပ်စာအစရှိသည့် လုပ်ငန်းစဉ်များကိုဆောင်ရွက်ပြီး လက်ခံကြိုဆိုခဲ့ကြသည်။  

“ပြန်လာသူတိုင်းကို မြဝတီမြို့ရှိ Quarantine Center များမှာ ထားရှိပြီး Covid-19 ရောဂါပိုးရှိမရှိ သိနိုင်ရန် ၎င်း တို့ရဲ့ အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့ကိုယူကာ ရန်ကုန်ကျန်းမာရေးဌာန ဗဟိုဓာတ်ခွဲခန်းသို့ ပို့ဆောင်ပြီး စစ်ဆေးမှုတွေပြုလုပ်ပါမယ်။ ထိုသို့ စစ်ဆေးပြီးမှသာ ပြည်နယ်နဲ့ တိုင်းအလိုက် အစိုးရချင်းချိတ်ဆက်၍ ပို့ဆောင် ပေးမှာ ဖြစ်ပါတယ်။ Quarantine Center များ အဆင်သင့်မဖြစ်သေးတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးနဲ့ ကရင်ပြည် နယ်အတွင်း ပြန်မယ့်သူများကိုတော့ မြဝတီမြို့နဲ့ ကရင်ပြည်နယ်အတွင်းရှိ Quarantine Center များတွင် ၂၁ ရက်ထားရှိသွားမယ်” ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ အစိုးရမှ ကိုဗစ်-၁၉ အရေးပေါ်ကာလကို ဇွန်လ ၃၀ ရက်နေ့ထိ သက်တမ်းတိုးထားပြီးခရီးသွားလာမှု အပါအဝင် ကန့်သတ်ချက်များရှိနေသော်လည်း နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းသဘောတူညီမှုအရ ယခုကဲ့သို့ ထိုင်း နိုင်ငံရှိ မြန်မာသံရုံးအစီအစဉ်ဖြင့် ထိုင်းရောက်မြန်မာလုပ်သားများကို ယခုလို နေရပ်ပြန်ခွင့်ပြုထားခြင်း ဖြစ်သည်။

ထိုသို့ ခွင့်ပြုထားပြီးနောက် ပထမအကြိမ် မေလ ၂၂ ရက်နေ့ညပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မော်ချစ် ကားဂိတ်မှတဆင့် ကား ၁၀ စီးဖြင့် ပိုဆောင်ပေးသလို ယနေ့ (မေလ ၂၃ ရက်) ညပိုင်းတွင်လည်း ကား ၁၆ စီးဖြင့် လူဦးရေ ၃၀၀ ကျော် ပို့ဆောင်ပေးသွားမည်ဟု သိရသည်။

၎င်းအပြင် နောက်ပိုင်းရက်များတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မဲဆောက်-မြဝတီ နယ်စပ်ဝင်ပေါက်သာမက ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်နှင့် မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်များကပါ ထိုင်းပြန်မြန်မာလုပ်သားများ ပြန်လည်ဝင်ရောက်နိုင်ရန် စီစဉ်ထားကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ သတင်းထုတ်ပြန်ချက်မှ သိရ သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...