ကျောက်ဆိပ်မှ အဖမ်းခံထားရသူ ၅ ဦးနှင့် တရားခံပြေးအဖြစ်သတ်မှတ်ခံထားရသူရွာသား ၇ ဦးတို့ကို အကြမ်းဖက်မှုဖြင့်တရားစွဲ

ကျောက်ဆိပ်မှ အဖမ်းခံထားရသူ ၅ ဦးနှင့် တရားခံပြေးအဖြစ်သတ်မှတ်ခံထားရသူရွာသား ၇ ဦးတို့ကို အကြမ်းဖက်မှုဖြင့်တရားစွဲ

အိမ်စိုးဖြူ — ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှ ဖမ်းဆီးခံထားရသည့် လူငယ် ၅ ဦး အပါအဝင် အဖမ်းမခံရဘဲ တရားခံ ပြေးအဖြစ် သတ်မှတ်ခံထားရသူ ရွာသား ၇ ဦးတို့ကို ယနေ့ မေလ ၂၂ ရက် နေ့လယ်က စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှု ပုဒ်မ(၂) ခုဖြင့် တရားစွဲဆိုခဲ့သည်ဟု သတင်းရရှိသည်။

ဥပဒေ အထောက်အကူပြု အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “သူတို့ကို အကြမ်းဖက်မှုဥပဒေနဲ့ တရားစွဲတာပါ။ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) နဲ့ ဖြစ်ပါတယ်။ တရားခံပြေးဆိုပြီး နောက်ထပ် ခုနစ်ယောက်လည်း ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးခံထားရသူ ၅ ဦးအား ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ စစ်တွေခရိုင်တရားရုံးသို့ ရုံးထုတ်လာခဲ့ပြီး ၎င်းတို့အား အေအေနှင့် ဆက်စပ်သည့် စွပ်စွဲချက်ဖြင့် ခလရ ၅၅ဝ တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်းက အကြမ်းဖက်မှုနှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံရသည့် ၅ ဦးမှာ ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်(၂၄)နှစ်၊ ကိုမျိုးလင်းဦး(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်နှင့် အလယ်စုရပ်ကွက်မှ ကိုမင်းစိုး(၃၈)နှစ်၊ မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ် တို့ဖြစ်ကြသည်။

တရားခံပြေးအဖြစ်ဖြင့် တရားစွဲခံရသူ ၇ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ဦးမောင်သာထွန်း (၃၅)နှစ်၊ ဦးညိုသာအောင်(၃၈)နှစ်၊ ဦးမောင်ဘုချေ(၄၁)နှစ်၊ ဦးမောင်မောင်ချေ(၃၈)နှစ်၊ ဦးဆန်းဌေးချေ (၃၁)နှစ်၊ ဦးမောင်ကြီး(၃၆)နှစ်နှင့် စေတီရင်းကျေးရွာမှ ဦးမောင်ဆန်းဝင်း(၃၁)နှစ်တို့ ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသူ ၎င်းလူငယ် ၅ ဦးအား ရုံးထုတ် တရားစွဲဆိုအပြီး စစ်တွေထောင်သို့ ရဲလုံခြုံရေးအစောင့်အရှောက်များဖြင့် ယူဆောင်သွားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူ ကိုမျိုးလင်းဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်ညွှန့်ရီက “ကျွန်မသားက သူ့အဖေနေမကောင်း၊ လေဖြန်းသွားတယ်ဆိုပြီး ကျောက်ဆိပ်ကို သတင်းမေးဖို့ဆိုပြီးသွားတာ။ အဲဒီမှာ ထမင်းစားနေတုန်းမှာ ကျမသားကို အိမ်ပေါ်ကနေပြီးတော့ ဖမ်းယူသွားတယ်။ အပြစ်မရှိတဲ့ကလေးကို ဖမ်းသွားတာ ကျွန်မ အရမ်းခံစားရတယ်။ ဗိုက်ထဲမှာ အူတွေ အသည်းတွေ မရှိသလို့ ခံစားရတယ်။ အပြစ်မရှိတဲ့ ကလေးကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ သူ့တစ်ယောက်တည်းလုပ်ပေးတာကို ကျွန်မစားနေရတာပါ။” ဟု နိရဉ္စရာသတင်းဌာနအားပြောသည်။

သူတို့ ၅ ဦးအပါအဝင် လူပေါင်း ၃၈ ဦးကို မြန်မာ့တပ်မတော်က ဧပြီလ ၁၉ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ဧပြီ ၂ဝ ရက်နေ့တွင် ယင်းတို့အထဲမှာ ၃၃ ဦးအား ပြန်လွှတ် ပေးခဲ့ပြီး ၎င်းတို့ ၅ ဦးအား ဆက်လက် ထိန်းသိမ်းထားခဲ့သည်ဟု သိရသည်။

ဖမ်းဆီးခံထားရသည့် လူငယ် ၅ ဦးမှာ စစ်ရေယာဉ်တစ်စီးပေါ်တွင် တပ်မတော်သားများက မျက်လုံးကို အဝတ်ဖြင့်စည်းပြီး နောက်ပြန်ကြိုးတုတ်ကာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နှိပ်စက်ခံနေရသည့် ရုပ်သံဖိုင်မှာ မေလ ၁ဝ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ပြီးနောက် သူတို့ အမှုကို လူအများက စိတ်ဝင်စားလာခဲ့သည်။

ညှဉ်းပမ်းနှိပ်စက်သူ တပ်မတော်သားများကိုလည်း ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်သွားမည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...