ကိုဗစ်သတင်းမှားကြောင့် ဒဲ့ပြောသတင်းတာဝန်ခံ ဦးဇော်ရဲထက် ထောင်ဒဏ် ၂နှစ် ချမှတ်ခံရ

ကိုဗစ်သတင်းမှားကြောင့် ဒဲ့ပြောသတင်းတာဝန်ခံ ဦးဇော်ရဲထက် ထောင်ဒဏ် ၂နှစ် ချမှတ်ခံရ

ကရင်ပြည်နယ် ဖားအံမြို့ရှိ ဒဲ့ပြောသတင်း၊ ဒဲ့ပြောအွန်လိုင်းမီဒီယာနှင့်သတင်းစာမျက်နှာ တာဝန်ခံ ဦးဇော်ရဲထက် (ခ) ဦးဇော်မင်းဦးကို လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်သတင်း ရေးသား လွှင့်တင်ခဲ့သည်ဟုဆိုကာ ပုဒ်မ ၅၀၅(ခ)အမှုဖြင့် မေလ ၂၀ရက်နေ့က ဖားအံမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၂နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဦးဇော်ရဲထက်အနေဖြင့် မြဝတီ ကိုဗစ်လူနာသေဆုံးသည်ဟူသော သတင်းမှားတစ်ခုကို ၎င်းပိုင် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားလွှင့်တင်မိခဲ့ရာမှ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အရေးယူပေးပါရန် ဖားအံခရိုင် အထွေထွေ အုပ် ချုပ်ရေးဦးစီးဌာန၊ ဦးစီးအရာရှိတစ်ဦး၏ တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်းကြောင့် အမှုဖွင့် ကြားနာမှုများပြုလုပ်ခဲ့ပြီး ယခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

"အမှန်က ကိုဇော်ရဲထက် ပုဒ်မ ၃ခုနဲ့ အမှု ၂ခု ရင်ဆိုင်ခဲ့ရတာဖြစ်တယ်။ ၂၆၉ နဲ့ ၅၀၅ ကတစ်တွဲ၊ ၂၇ က တစ်တွဲ အမှုတွဲ ၂တွဲပေါ့။ ပုဒ်မ ၂၇ ကိုကျတော့ တရားရှင်လွှတ်တယ်လို့ပြောတယ်။ တကယ်က ၅၀၅ (ခ)နဲ့ အမှုစစ်ပြီး  ထောင်ချလိုက်တာဖြစ်တယ်။”ဟု ကိုဇော်ရဲထက်နှင့်နီးစပ်သည့် မိတ်ဆွေတစ်ဦးက ပြောသည်။

အဆိုပါသတင်းမှားကြောင့် လူမှုကွန်ရက်စာမျက်နှာတွင် လူ့အသက်အန္တရာယ် ထိခိုက်စေသည့် ရောဂါဖြင့် သေဆုံး သည်ဟု မဟုတ်မမှန်သတင်းလွှင့်တင်ခြင်းဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေသည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၂၆၉/ ၅၀၅(ခ)အပြင် အများပြည်သူထိတ်လန့်စေရန် မဟုတ်မမှန်သတင်းလွှင့်ခြင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ ဖြင့် တရားစွဲဆို အမှုဖွင့်ခံခဲ့ရခြင်းလည်းဖြစ်သည်။

ပုဒ်မ ၅၀၅(ခ)တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်စေသည့်ပြစ်မှုကို တစ်ဦး တစ်ယောက်သောသူအား ကျုးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြား လူစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန်အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့  ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူကို ၂နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ် စလုံး ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

"ပြောရရင်တော့ တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းဌာနလည်း ဖြစ်တော့ သတင်းဖေါ်ပြမှုနဲ့ပတ်သက်လို့ မကျေ နပ်တာရှိရင် သတင်းမီဒီယာကောင်စီကို ရှေးဦးစွာ တိုင်သင့်ပါတယ်။ ခုလို ရာဇဝတ်ပြစ်မှုဆိုင်ရာ ပုဒ်မနဲ့ စွဲဆိုပြီး  ထောင်ဒဏ် ၂နှစ်ချမှတ်တာ ပြင်းထန်လွန်းတယ်။ မဏ္ဍိုင် ၄ရပ်ဆွေးနွေးပွဲတိုင်းမှာ သတင်းမီဒီယာ ဖေါ်ပြမှုနဲ့ဖြစ်စေ၊ သတင်းသမား သတင်းလိုက်ရင်း အုပ်ချုပ်ရေးပိုင်းနဲ့ တစုံတရာ ပြဿနာရှိခဲ့ရင်ဖြစ်စေ ကောင်စီကို ရှေးဦးစွာ တိုင် ကြားဖို့ မေတ္တာရပ်ခံခဲ့တယ်။ အသိပေးခဲ့တယ်။ တချို့ပြည်နယ်တွေ တိုင်းဒေသကြီးတွေကလည်း အဲဒီမေတ္တာရပ်ခံမှု ကို လက်ခံလုပ်ဆောင်ကြတယ်။ အဲလို လုပ်ဆောင်ခြင်းအားဖြင့် သတင်းသမားတွေ ထောင်ချခံရတာတွေ လျော့နည်းပြီး ၂ဖက်စလုံးတွက် ကောင်းပါတယ်။”ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က မှတ်ချက်ပြုပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ရက်နေ့ ညနေပိုင်းက Breaking news အနေဖြင့် မြဝတီကိုဗစ်လူနာ သေဆုံးကြောင်း ဦးဇော်ရဲ ထက်က ၎င်းတာဝန်ယူထားသည့် “ဒဲ့ပြော” လူမှုကွန်ယက်စာမျက်နှာတွင် သတင်းရေးသား ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး အဆိုပါသတင်းမှားယွင်းကြောင်း ယင်းနေ့ ည ၈း ၄၈နာရီအချိန်တွင် စာဖတ်သူများအား ပြန်လည်တောင်းပန်ကြောင်း  ရေးသားဖော်ပြ လွှင့်တင်ခဲ့သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...