ရစ်ချက် — အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် နေထိုင်ကြသည့် ချင်းဒုက္ခသည်အများစုသည် COVID-19 ဂယက်ကြောင့် စားနပ်ရိက္ခာအတွက်သာမက အိမ်လခပေးရန်လည်း အခက်ကြုံတွေ့နေကြသည်ဟု Chin Refugee Committee (CRC) ဥက္ကဌ Za Cung Lian က ပြောသည်။
“ချင်းဒုက္ခသည်တွေရဲ့ အိမ်လခကိစ္စကို ကော်မီတီအနေနဲ့ စဉ်းစားပေးဖို့ အတော်လေးအခက်တွေ့တယ်။ အိန္ဒိယ အစိုးရလည်း ဒီ ကိုဗစ်-၁၉ ကာလမှာ အိမ်လခလွှတ်ပေးဖို့ ပြောထားတာလည်းမရှိဘူး။ အိမ်ရှင်တွေဘက်လည်း အိမ်လစာတောင်းတာတွေ များလာပြီ၊ အိမ်လစာ ၁ လစာတောင် ပေးဖို့ အရင်က ခက်ခဲတဲ့ကြားထဲက အခု အိမ်လစာက နှစ်လစာ သုံးလစာပေးဖို့ဆိုတာ အရမ်းခက်ခဲတယ်။ အဲဒါကြောင့် ကျနော်တို့လည်း တအားကို စိုးရိမ်တယ်” လို့ Za Cung Lian က ပြောသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ချင်းဒုက္ခသည် စုစုပေါင်း ၃၀၀၀ ကျော်ခန့်ရှိပြီး အိမ်ငှါးဖြင့် နေထိုင်လျက်ရှိကြသည်။ နယူးဒေလီမြို့တွင် အိမ်ငှါးခသည် တစ်လျှင် ရူပီး (၇၀၀၀) မှ (၁၀၀၀၀) ခန့်ရှိသည်ဟု သိရသည်။
COVID-19 ကြောင့် အိန္ဒိယတစ်နိုင်ငံလုံး Lockdown ချထားသည့်အတွက် အပြင်ထွက်အလုပ်လုပ်၍မရတော့သည့် အတွက် ဝင်ငွေများပြတ်လပ်ကာ စားသောက်ရေးသာမက အိမ်လခပေးရန်အခက်ကြုံနေကြရခြင်းဖြစ်သည်။
Za Cung Lian က “ဒီကိစ္စပြဿကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဆွေးနွေးပြီးတော့၊ ခု နိုင်ငံခြားက ကူညီထောက်ပံ့လာတဲ့ဟာတွေကိုလည်း အိမ်ရှင်တွေမောင်းထုတ်မှုများရှိလာရင် ဘယ်လိုကူညီကြမလဲ ဆိုတာတွေ လည်း ဆွေးနွေးတယ်။ လောလောဆယ်တော့ ဆွေးနွေးတာဘဲရှိသေးတယ်။ တတ်နိုင်တာတော့ အရမ်းနည်းတယ် ဆွေးနွေးတဲ့အဆင့်ဘဲရှိသေးတယ်။ ဒီကိစ္စကို ကျနော်တို့ ပိုပြီးတော့ စဉ်းစားသင့်တယ်” ဟုပြောသည်။
ယခုလက်ရှိတွင် အိန္ဒိယရောက် ချင်းဒုက္ခသည်များကို UN က စားနပ်ရိက္ခာ ဒုတိယအကြိမ် ထောက်ပံ့မှုစနေပြီဟုသိရပြီး မိသားစု တစ်စုကို ဆန်တစ်အိတ် နှင့် ဆီတစ်ထုတ်စီ ပေးဝေနေကြောင်း သိရသည်။







