ချင်းပြည်နယ်၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်အလိုက် ဘတ်ဂျက်လျားထားမှု ကွာဟမှုရှိနေဆဲဟုဆို

ချင်းပြည်နယ်၏ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်အလိုက် ဘတ်ဂျက်လျားထားမှု ကွာဟမှုရှိနေဆဲဟုဆို

လာမည့်  ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ချင်းပြည်နယ်၏ မြို့နယ်အလိုက် ဘတ်ဂျက်လျာထား ချက်တွင် တစ်မြို့နယ်နှင့်တစ်မြို့နယ်အကြား ကွာဟမှုကြီးကြီးမားမား ရှိနေသည်ဟု လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးပါတီများက ဝေဖန်ကြသည်။

မေလ (၄) ရက်နေ့က ကျင်းပပြုလုပ်သော ချင်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝီကောက ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ဒေသန္တရစီမံကိန်းအဆိုပြုချက်များကို လွှတ်တော်သို့ တင်သွင်းကာ အတည်ပြုခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်နယ်လွှတ်တော် ဒု-ဥက္ကဌဟောင်းလည်းဖြစ် မင်းတပ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းက  “ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ညီမျှမှုမရှိတဲ့အခါကျရင် ဟားခါးက ဘတ်ဂျက်ကတအားများတဲ့အခါမှာ ဟားခါးဆိုတာတော့ လွှတ်တော်ဥက္ကဌ နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရှိတယ်၊  သူတို့ကတော့ ဘတ်ဂျက်အများဆုံး သူတို့ဘာများပြောတော့မလဲ၊ ကျန်တဲ့ဟာတွေနည်းတယ်လို့လည်း မပြောတော့ဘူး၊ ဥပမာ – ဖလမ်းမှာ ဘတ်ဂျက်များတဲ့ နောက်မှာတော့ ဝန်ကြီးချုပ်နဲ့ ဦးရာလ်နှင်း လွှတ်တော်ကိုယ်စားလှယ်ရှိတယ်၊ ကျန်တဲ့မြို့နယ်တွေအတွက် တစ်ခွန်းမှမပြောလိုကြတော့ဘူး၊ အဲလိုအနေအထားတွေရှိတယ်၊ များတဲ့လူကမှ သူများလို့ ပါးစပ်ပိတ်နေတယ်ဆိုရင် ကျန်တဲ့မြို့နယ်အတွက်တော့ ပြောလို့လည်း ဘာမှမထူးတော့ဘူး၊ လူကြီးလုပ်တဲ့လူတွေက နားလည်မှုရှိရှိမျှတအောင် ပေးဖို့က သူတို့တာဝန်လေ” ဟု ပြောသည်။

ချင်းပြည်နယ်၏ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဘတ်ဂျက်လျာထားချက်မှာ ဟားခါးမြို့နယ် ၃၁ ဘီလီယံ၊ ဖလမ်းမြို့နယ် ၂၀.၇၅ ဘီလီယံ၊ မတူပီမြို့နယ် ၂၀.၀၈ ဘီလီယံ၊ တီးတိန်မြို့နယ် ၁၄.၉ ဘီလီယံ၊ မင်းတပ်ြမို့နယ် ၁၃ ဘီလီယံ၊ ထန်တလန်မြို့နယ် ၁၂.၅ ဘီလီယံ၊ ပလက်ဝမြို့နယ် ၁၂.၃ ဘီလီယံ၊ တွန်းဇံမြို့နယ် ၉.၅ ဘီလီယံ၊ ကန်ပက်လက် ၉ ဘီလီယံ စသည်ဖြင့် အသီးသီးလျာထားကြသည်။

ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်ပါတီ ပူးတွဲဥက္ကဌ ဦး Ngai Sak ကတော့ အစိုးရ၏ ဘတ်ဂျက်ခွဲဝေသည့်နေရာတွင် အားလုံးညီတူညီမျှခွဲဝေရန် မလွယ်ကူသော်လည်း နှစ်စဉ်နှစ်တိုင်း ဝန်ကြီးချူပ်၊ ဝန်ကြီးနှင့် လွှတ်တော်ဥက္ကဌများရှိသည့် မြို့နယ်များ ဘတ်ဂျက်ပိုများနေခြင်းသည် မမျှတကြောင်း ထောက်ပြသည်။

“ဒီဘတ်ဂျက်သည် ကျနော်တို့ သာမာန်အနေနဲ့က မြို့နယ်တိုင်းမှာ ညီတူညီမျှဖြစ်ရမယ်ဆိုတဲ့ဟာလည်းပဲ ပုံသေနည်းအားဖြင့်တော့ မမှန်လှဘူး၊ ပြည်နယ်အစိုးရကနေ ချင်းပြည်နယ်တစ်ခုလုံးမှာ ဒီစီမံကိန်းတွေလိုအပ်တယ်၊ ဘယ်ဟာတွေရှိတယ်ဆိုပြီး ချမှတ်တဲ့စံမံကိန်း အသေးအကြီးပေါ်မှာ မူတည်ပြီးတော့ ဘတ်ဂျက်ကကွာနိုင်တယ်၊ ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း ဘတ်ဂျက်ကိုကြည့်တဲ့အခါမှာ ဒီလိုပဲ၊ ဟားခါးရယ်၊ ဖလမ်းရယ် အမြဲတမ်းများနေတာတွေ့ပြီးတော့ ကျန်တဲ့မြို့နယ်ရဲ့ ဘတ်ဂျက်တွေဟာ တော်တော်နည်းနေတယ်၊ နောက်တစ်ခုက ဝန်ကြီးလုပ်တဲ့ အမတ်နေရာ မဲဆန္ဒနယ်ပိုရပြီးတော့ ဒီ ဝန်ကြီးမလုပ်တဲ့ မဲဆန္ဒနယ်မြေကတော်တော်ကိုနည်းတယ်၊ တကယ်တော့ ဒါမျိုးသည်မဖြစ်သင့်ဘူး၊ လူကြီးလုပ်တဲ့လူက ချင်းပြည်နယ်အစိုးရဖြစ်ဖြစ် လုပ်တဲ့လူတွေက အတတ်နိုင်ဆုံး မြို့နယ်အသီးသီးရဲ့ လိုအပ်ချက်တွေကို မျှမျှတတနဲ့ လုပ်ရမယ်၊ အထူးသဖြင့် မဖွံ့ဖြိုး၊ မတိုးတက်တဲ့နေရာကို ပိုပြီးတော့ ဦးစားပေးရမှာ၊ ဆိုတော့ နှစ်စဉ်နှစ်တိုင်းကို ဘတ်ဂျက်ကြည့်တဲ့အခါမှာ မြို့နယ်တစ်မြို့နယ်ကပဲ ဝန်ကြီးချုပ်လုပ်တဲ့နေရာ ဝန်ကြီးချုပ်ရဲ့နေရာ၊ လွှတ်တော်ဥက္ကဌရဲ့နေရာပဲ အမြဲတမ်းများတာမျိုးကတော့ ကောက်ချက်ချလိုက်ရင် မျှတတဲ့ ဘတ်ဂျက်ခွဲမှုမရှိဘူးဆိုတာကို သုံးသပ်လို့ရတယ်” ဟု ဦး Ngai sak က ပြောသည်။

ချင်းပြည်နယ်၏ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်လျာထားချက်တွင် ကန်ပက်လက်၊ တွန်းဇံ နှင့် ပလက်၀ စသည့် (၃) မြို့နယ်ပေါင်း၏ ဘတ်ဂျက်ပမာဏထက် ဟားခါးမြို့နယ်တစ်ခုတည်း၏ ဘတ်ဂျက်လျာထားမှုပမာဏ ပိုများနေသည်ကို တွေ့ရသည်။

ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ  စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်က “ဟားခါးလိုမျိုးကျတော့ ၃၁ ဘီလီယံလောက်ရှိတယ်၊ ဟားခါးမှာကျတော့ အဆောက်အဦးတွေက ပြည်နယ်ရုံးစိုက်တဲ့မြို့ဖြစ်တဲ့အတွက် အဲဒီမှာ အဆောက်အဦးတန်ဖိုးတွေ ဥပမာ – တက္ကသိုလ်ဆိုရင်လည်း ဆောက်ပေးတာတို့၊ အား/ကာဆောက်နေတာတို့ ၊ နောက် အခြားလမ်း နောက်ပြီးတော့ ဌာနဆိုင်ရာအဆောက်အဦးတွေ ဆောက်လုပ်တဲ့တန်ဖိုးကပိုများတယ်၊ အဲဒီပေါ်မှာမူတည်ပြီးမှ ကွာဟချက်နည်းနည်းဖြစ်သွားတယ်၊ ဒီ န.တ.လ နယ်စပ်ရေးရာကထုတ်တဲ့ လမ်းဖောက်တဲ့ကိစ္စတွေ ကျေးလက်ဖောက်တဲ့ကိစ္စတွေ ဒါတွေက သိပ်ကွာဟချက်မရှိဘူး၊ နောက် စည်ပင်ဘတ်ဂျက်ဆိုလည်း သိပ်ကွာဟချက်မရှိဘူး၊ လျှပ်စစ်ဘတ်ဂျက် သိပ်ကွာဟချက်မရှိဘူး၊ အဓိက လမ်းဦးစီးကလုပ်တဲ့ လမ်းမိုင်အတိုအရှည် အဲဒီပေါ်မှာမူတည်ပြီးမှ ကွာဟချက်တွေဖြစ်သွားတယ်” ဟုပြောသည်။

ယခင်ဘဏ္ဍာရေးနှစ်များကလည်း ချင်းပြည်နယ်တွင် တစ်မြို့နယ်နှင့်တစ်မြို့နယ်အကြား ဘတ်ဂျက်ခွဲဝေချထားရာတွင် ကွာဟမှုကြီးကြီးမားမားဖြစ်လေ့ရှိသည့်အတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်နေ့ကကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မင်းတပ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က မေးခွန်းထုတ်ခဲ့ပြီးဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...