လမ်းခရီးတွင် ယာဉ်တန်းပစ်ခတ်ခံရသည့် WFP အထောက်အပံ့များ ပလက်ဝမြို့သို့ရောက်ရှိ

လမ်းခရီးတွင် ယာဉ်တန်းပစ်ခတ်ခံရသည့် WFP အထောက်အပံ့များ ပလက်ဝမြို့သို့ရောက်ရှိ

ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးဒုက္ခသည်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ် (WFP) မှ ထောက်ပံ့သည့် ရိက္ခာများသယ်ဆောင်သည့်အချိန်တွင် ယာဉ်တန်များသေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသော်လည်း မေလ ၂ ရက် (စနေနေ့) တွင် ပလက်ဝမြို့သို့ ရောက်ရှိပြီဟု WFP ကထုတ်ပြန်သည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာစတီဖန်အန်ဒါဆန်းက “WFP ရဲစားနပ်ရိက္ခာတွေ ပလက်ဝမြို့ ဆီရောက်အောင် ပို့နိုင်ခဲ့ပါပြီ၊ ပူးပေါင်းကူညီဆောင်ရွက်ပေးတဲ့ ချင်းပြည်နယ်အစိုးရ နဲ့အတူ အခြားအဖွဲ့အစည်းများကို ကျေးဇူးတင်ကြောင်းပြောချင်တယ်၊ ဒါပေမယ့် ကျနော်တို့ရဲ့လုပ်ငန်းတာဝန်က ဒီမှာပဲပြီးဆုံးသွားလို့မဖြစ်ပါဘူး’’ ဟုပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA) အကြားစစ်ရေးပဋိပက္ခကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်၍ စားနပ်ရိက္ခာပြတ်လပ်မှုကြုံတွေ့နေကြရသည့် ပလက်ဝဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူ ၃၇၀၀ အတွက် (WFP) က ဆန်အိတ်တစ်ထောင်ကို ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ ယာဉ် (၅) စီးဖြင့်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ထို့ကဲ့သို့ ပို့ဆောင်သည့်အချိန်တွင် ဧပြီလ ၂၉ ရက်နေ့က ဆမီးနှင့် ပလက်ဝမြို့အကြားတွင် အမည်မသိသူများမှ ဆန်အိတ်များသယ်ဆောင်လာသည့် WFP မှ ငှါးရမ်းထားသော ကုန်တင်ယာဉ်(၅)စီးပါ ယာဉ်တန်းကို လက်နက်ငယ်များ ဖြင့် ပတ်ခတ်ခဲ့ရာ ယာဉ်အကူတစ်ဦးအနည်းငယ်ဒဏ်ရာရရှိကာ ယာဉ်သုံးစီးထိခိုက်ခဲ့သည်ဟု မေလ (၃) ရက်နေ့က ထုတ်ပြန်သော WFP ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ကုန်စည်စီးဆင်းမှုပြတ်လပ်မှုကြောင့် ပလက်ဝမြို့နယ်အတွင်းရှိ မိသားစုအများအပြားသည် နေ့စဉ်ပုံမှန်စားစရာမရှိတော့ပဲ ရနိုင်သမျှသော တောတွင်းအသီးအနှံသစ်ဥသစ်ဖုများကို ရှာဖွေစားသောက်နေကြရပြီး မိသားစုအချို့မှာ ကိုယ်ပိုင်တောင်ယာခိုင်း ကျွဲနွားများကို ရောင်းချ၊ စားသုံးကြရသဖြင့် ရေရည်တွင် စိုက်ပျိူးထုတ်လုပ်မှုနှုန်းနှင့် စားနပ်ရိက္ခာဖူလုံမှုကိုပါ ထိခိုက်နိုင်သည့်အခြေအနေရှိနေသည်ဟု WFP ကြေညာချက်တွင်ဖော်ပြသည်။

“ပလက်ဝဒေသမှာရှိတဲ့လူထုတွေဟာ အတော်လေးကို ထိခိုက်လွယ်တဲ့အခြေအနေမှာရှိနေပါတယ်၊ လက်ရှိစားနပ်ရိ က္ခာပြတ်လပ်မှုအခြေအနေကနေ ဒီထက်ပိုဆိုးမသွားအောင် ကျနော်တို့ အထောက်အပံ့တွေ ဆက်လက်ပေးအပ်သွား ဖို့လိုအပ်ပါတယ်’’ ဟု မစ္စတာစတီဖန်အန်ဒါဆန်းကပြောသည်။

ပလက်ဝမြို့အတွက် WFP မှ ပေးပို့လိုက်သော ရိက္ခာဆန်များကို မေလ (၃) ရက်နေ့ကစ၍ စစ်ဘေးရှောင်ပြည်သူများထံ စတင်ဖြန့်ဝေလျှက်ရှိပြီး တစ်ဦးလျှင် ဆန် ၁၃.၅ ကေဂျီစီနှင့် ကျပ်တစ်သောင်းစီရရှိကြသည်ဟု ပလက်ဝမြို့နယ်စစ်ဘေး ရှောင်ကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ကျနော်တို့သိသလောက်ကတော့ WFP က ပို့လိုက်တဲ့ရိက္ခာတွေက စစ်ဘေးရှောင်တွေအတွက်ပဲ၊ အခုစစ်ဘေးရှော င်တွေက တစ်ယောက်ကို ဆန် ၁၃.၅ ကေဂျီစီနဲ့ ငွေတစ်သောင်းစီရကြတယ်လို့သိရပါတယ်’’ ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော်အကြားစစ်ရေးအရှိန်မြင့်တက်လာမှုကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်း ကစ၍ ပလက်ဝမြို့နယ်သည် ရခိုင်ပြည်နယ်နှင့်ဆက်သွယ်လမ်းရေးကြောင်းများ ပြတ်တောက်ကာ စားနပ်ရိက္ခာပြတ်လပ်မှုများရင်ဆိုင်ကြုံတွေ့နေကြရ ခြင်းဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...