Shing Mang — ပလက်ဝမြို့နယ်ရှိ ကုလားတန်မြစ်ကူးတံတား တည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သော်လည်း နယ်မြေ မအေးချမ်းမှုကြောင့် ယာဉ်များ သွားလာရန် ခက်ခဲသေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
"ကားသွားလို့ ရပြီ၊ အချောသတ်ဖို့ နည်းနည်းပါးပါး လိုတာပေါ့၊ ပလက်ဝကနေ တံတားက ၄မိုင်ခွဲ ရှိသေးတယ်၊ ကားလမ်းက အောက်ခြေကနေ သွားတယ်၊ တောင်ကျောပေါ်မှာ လက်ရှိ အေအေတွေက လှုပ်ရှားနေတယ် ၊လုံခြုံမှု မရှိသေးဘူးပေါ့၊ အဲဒါကြောင့် တော်ရုံတန်ရုံ သွားလို့မရဘူး ဖြစ်နေတယ်"ဟု ဦးစိုးထက်က ပြောသည်။
ယင်းတံတားသည် ချင်းပြည်နယ်အတွင်း အရှည်လျားဆုံး တံတားဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့သည်။ အရှည် ၁၉၄၂ပေ၊ ယာဉ်သွားလမ်း ၂၄ပေ ၇ လက်မ ရှိပြီး လူသွားလမ်း တစ်ဖက် ၃ပေ စီ ကျယ်ဝန်းသည်။







