ဟားခါးမြို့ ပိုးတွေ့လူနာအမှတ် (၁၅၀) နှင့် ထိတွေ့ခဲ့သူ (၅၀) နီးပါးကို Facility Quarantine ဖြင့်ထားရှိ

ဟားခါးမြို့ ပိုးတွေ့လူနာအမှတ် (၁၅၀) နှင့် ထိတွေ့ခဲ့သူ (၅၀) နီးပါးကို Facility Quarantine ဖြင့်ထားရှိ

လားနွန် – ချင်းပြည်နယ်၊ ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည့် Covid-19 လူနာအမှတ် (၁၅၀) နှင့် ထိတွေ့မှုရှိခဲ့သူ အယောက်(၅၀) နီးပါးကို Facility Quarantine ပြုလုပ်ထားသည်ဟု ဟားခါးမြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြင့်ဦးကပြောသည်။

လူနာအမှတ်(၁၅၀) နှင့်ထိတွေ့ခဲ့သူအများစုမှာ သူမ၏ကျေးရွာ သီဖူးလ်ကျေးရွာကဖြစ်ကြပြီး ဟားခါးမြို့နှင့် ထန်တလန်မြို့တွင်နေထိုင်သူများလည်းပါဝင်ကာ ဟားခါးကော်လိပ်အဆောင်တွင် Facility Quarantine အဖြစ် (၂၁) ထားရှိကြမည်ဖြစ်သည်။

ဟားခါးမြို့နယ်အုပ်ချူပ်ရေးမှူး ဦးမြင့်ဦးက “ သူနဲ့ထိတွေ့ခဲ့သူအားလုံးက ၄၈ ဦးရှိတယ် အခု သူတို့ကဟားခါးကော်လိပ်အဆောင်မှာထားတယ်၊ အခုသူနဲ့အနီးစပ်ဆုံးလူတွေကို ကျနော်တို့ပြန်ရွေးထုတ်ပြီးတော့ ကျန်းမာရေးဌာနမှရွေးချယ်တဲ့သူတွေကို အဓိကစမ်းစစ်ကြည့်မှာပေါ့၊ သူနဲ့စပ်ဆက်တဲ့သူတွေ မကူးဆက်ဖို့ကလည်း အရေးကြီးတယ်လေ၊ သူသွားလည်တဲ့အမျိုးတွေရော သယ်ငယ်ချင်းတွေရော ပြီးတော့ သီဖူးလ်ကို လာလည်တဲ့သူတွေလည်း သူနဲ့ပတ်သက်ခဲ့တဲ့သူတွေ အကုန်လုံးပါတယ် သီးဖူးလ်ရွာကလည်းပါတယ် ၊ ထန်တလန်က သူနဲ့ကားပေါ်အတူစီးလာတဲ့သူတွေ (၈) ရောက်ပါတယ်” ဟု ပြောသည်။

လူနာအမှတ် ၁၅၀ သည် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဟားခါးမြို့ န.တ.လ ကျောင်းတွင် Facility Quarantine ဝင်ရောက်ကာ ဧပြီလ ၂၉ ရက်နေ့က ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သူမသည့် တရုတ်နိုင်ငံမှပြန်ရောက်လာသည့်အချိန်တွင် Quarantine ချက်ချင်းဝင်ရောက်ခြင်းမရှိဘဲ ကလေးမြို့တွင် ၁၀ ရက်တည်းခိုခဲ့သလို သူမ၏ ကျေးရွာတွင်လည်း တစ်ပတ်ခန့်နေထိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါ သူမနှင့်ထိတွေ့မှုရှိခဲ့ သည့် ပုဂ္ဂိုလ်များကို စုံစမ်းစစ်ဆေးကာ Facility Quarantine အဖြစ်ထားရှိကြခြင်းဖြစ်သည်။

အိမ်ခြေ (၆၀) ခန့်ရှိသော သီးဖူးလ်ကျေးရွာသည် ဟားခါးမြို့နှင့် (၁၀) မိုင်ခန့်ကွာဝေးသည်ဟုသိရသည်။

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်က “သူနှင့်ဆက်စပ်တဲ့သူတွေ Quarantine ချရတာ အများကြီးတော့ပါသွားတယ်၊ သီဖူးလ်ကတော့ lockdown ချဖို့မရှိလောက်ပါဘူး ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခု Lockdown ကကျနော်တို့သိပ်မချတော့တာက Lockdown မချပဲနဲ့ အဲဒီနေရာတွေ ကန့်သတ်ရင်လည်းအဆင်ပြေတယ် ကန့်သတ်လိုက်ရင် Positive ရှိတဲ့အိမ်လေးကို ကျနော်တို့ Lockdown မချတော့ပဲနဲ့ ကန့်သတ်ထားတယ်” ဟု ပြောသည်။

လက်ရှိ ချင်းပြည်နယ်တွင် Facility Quarantine ပြုလုပ်ထားသူ စုစုပေါင်း ၁၈၆ ဦးရှိပြီး Covid-19 ပိုးတွေ့လူနာ ၅ ဦးရှိသည်။ မြန်မာနိုင်ငံတွင် ပထမဆုံး Covid-19 ပိုးတွေ့ရှိခဲ့သည့် တီးတိန်မြို့နယ်မှ လူနာအမှတ်(၁) သည် ဧပြီလ ၃၀ ရက်နေ့နံနက်ပိုင်းက နှစ်ကြိမ်ဆက်တိုက်ရောဂါလက္ခဏာမပြတော့ဘဲ ကျန်းမာရေးကောင်မွန်သည့် အတွက် ဆေးရုံမှဆင်းသွားပြီဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...