ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ စစ်ရှောင်စခန်းများတွင် Covid-19 ရောဂါ ကာကွယ်ရေး အသုံးအဆောင်ပစ္စည်း လုံလောက်မှု မရှိသေးကြောင်း စစ်ရှောင်တာဝန်ခံများက ပြောသည်။
ဗန်းမော်မြို့နယ် စစ်ရှောင်စခန်း ၈ ခုရှိပြီး စခန်းတစ်ခုချင်းစီတွင် လူဦးရေ တစ်ထောင်ခန့် အနည်းဆုံး ခိုလှုံနေကြသည်။
ရောဘတ် စစ်ရှောင်စခန်းမှ တာဝန်ရှိသူ ဆရာလဗျထိန်နန်က “ရောဂါကာကွယ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကို လုံလုံလောက်လောက် သုံးဖို့က အင်မတန်မှ ခက်ခဲပါတယ်။ စခန်းတစ်ခုမှာ လူဦးရေ ထောင်ဂဏန်းရှိတဲ့အတွက် ကိုယ်စီ သုံးရဖို့ မလွယ်ဘူး။ အခုဆိုရင် လက်ဆေးတဲ့ ဆပ်ပြာရည်တွေဆိုရင်လည်း ကလေးတွေအတွက်ပဲ ခွဲပေးနိုင်သေးတယ်။ လူကြီးတွေက မသုံးရသေးဘူး။ Mask နှာခေါင်းအုပ်ဆိုရင်လည်း တစ်ယောက်စီ သုံးဖို့ မပေးနိုင်သေးဘူး။ အဲဒါကြောင့် ပိတ်စနဲ့လုပ်ပြီး ၂ယောက်ကို mask တစ်ခုနှုန်း လုပ်ပြီးမှ ခွဲပေးနိုင်သေးတယ်။ အဲဒါကလည်း တစ်ခုသုံးပြီးရင် ပြန်လျှော်ပြီးမှ နောက်တစ်ယောက် ပြန်သုံးပေါ့။ အဲဒီလိုမျိုးအနေအထား ဖြစ်နေရပါတယ်” ဟု ပြောသည်။
ပြည်နယ်အတွင်း Covid-19 ကာကွယ်တားဆီးရေး လုပ်ဆောင်နေသည့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာအစိုးရအနေဖြင့် ဗန်းမော် စစ်ရှောင်ပြည်သူများကို ကူညီထောက်ပံ့မှု ဦးစားပေး ဆောင်ရွက်စေလိုကြောင်း သူက တိုက်တွန်းသည်။
ထို့အပြင် ရောဂါကာကွယ်ရေးအတွက် စခန်းအဝင်အထွက် ပိတ်ပင်လိုက်သဖြင့် စစ်ရှောင်များ အပြင်ထွက် နေ့စား လုပ်ကိုင်၍မရဘဲ စားဝတ်နေရေးခက်ခဲမှုလည်း ကြုံတွေ့နေရကြောင်း ပြောသည်။
လီဆူစစ်ရှောင်စခန်းတာဝန်ခံ ဝေါးဆာမီးက“လုံးဝ ဝင်ငွေမရှိဘူးပေါ့။ အစားအသောက် တော်တော် ခက်ခဲတယ်။ နောက် ရောဂါကာကွယ်တဲ့ Mask တွေဆို မသုံးနိုင်ကြဘူး။ လက်ဆေးရည်တွေဆိုလည်း ဈေးကြီးပြီး မဝယ်သုံးနိုင်ကြဘူး” ဟု ဆိုသည်။
ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်(KBC) ကြည့်ရှုထောက်ကူသည့် စစ်ရှောင်စခန်းများတွင် ဧပြီ ၂၈ရက်ကစပြီး တစ်ဦးလျှင် နှာခေါင်းစည်း(Mask) ၂ခုနှုန်း ခွဲဝေပေးနေကြောင်း ထပ်မံ သိရသည်။
ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်က အဆိုပါစစ်ရှောင်စခန်းများသို့ လာမည့် ရက်သတ္တပတ်တွင် သွားရောက် ကူညီပေးရန် စီစဉ်နေသည်ဟု ပြောသည်။
“ပထမအဆင့်အနေနဲ့ စစ်ရှောင်စခန်းတွေမှာ ဆေးဖျန်းတာ လုပ်တယ်။ တတ်နိုင်သလောက် နှခေါင်းပိတ်(Mask) သွားပေးတယ်။ အခုတစ်ခေါက်လည်း ဆန်၊ ဆီတွေ ဝေပေးဖို့ စီမံနေတယ်။ ပြည်နယ်အစိုးရလည်း လာမယ်လို့ ပြောတယ်။ ကျနော်တို့မှာလည်း ပြည်တော်ပြန်တွေကို ပြန်ကြည့်နေရသေးတယ်ဆိုတော့ ပြန် မလှည့်နိုင်သေးတာပါ” ဟု ဗန်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။







