ဟားခါးရှိ Covid-19 ပိုးတွေ့လူနာ ကလေးမြို့တွင် Quarantine မဝင်ဘဲ ဆယ်ရက် တည်းခိုခဲ့

ဟားခါးရှိ Covid-19 ပိုးတွေ့လူနာ ကလေးမြို့တွင် Quarantine မဝင်ဘဲ ဆယ်ရက် တည်းခိုခဲ့

လားနွန် – ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ Covid-19 လူနာအမှတ် ၁၅၀ သည် ချင်းပြည်နယ်သို့ မပြန်မီ ကလေးမြို့ တောင်ဇလပ်ရပ်ကွက်နေ သူငယ်ချင်း၏ နေအိမ်တွင် ၁၀ ရက် တည်းခိုခဲ့သည်ဟု သိရသည်။

(၁၈)နှစ်အရွယ် အဆိုပါအမျိုးသမီးသည်  တရုတ်နိုင်ငံမှပြန်လာပြီး ကလေးမြို့သို့ မတ်လ ၂၅ ရက်တွင် ရောက်ရှိလာကာ သီးခြားထားရှိ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်မှု အစီအစဉ် (Quarantine) ဝင်ရောက်ခြင်းမရှိဘဲ တည်းခိုခဲ့သည်ဟု ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောသည်။

“တရုတ်မှာလည်း Quarantine မဝင်ဘူး။ ကလေး(မြို့)မှာလည်း Quarantine မဝင်ဘူး။ သူက အဲဒီအိမ်မှာ တည်းခိုပြီးတော့ သူက သူ့ကိုယ်သူ တရုတ်ကနေ ပြန်လာတယ်လို့လည်း သူကမပြောဘူး။ ဒီတိုင်းပဲ တောင်ဇလပ် နယ်မြေ(၃) မှာ တည်းသွားပြီးတော့ ဟားခါးကို တက်သွားတယ်။ အိမ်ရှင်ကလည်း သတင်းမပို့ဘူး ဖြစ်နေတယ်။ ကလေးမြို့ Quarantine စာရင်းမှာလည်းမပါဘူး’’ ဟု ဒေါ်ရှားမီးက ပြောသည်။

ထို့ကြောင့် ၎င်းတည်းခိုခဲ့သည့် အိမ်ရှင်မိသားစုဝင် (၆) ဦး၏ သွေးနမူနာများ ရယူပြီး ဓာတ်ခွဲ စစ်ဆေးရန် ပို့ဆောင်မည်ဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်က ဧပြီ ၂၉ တွင် ပြောသည်။

“(ယာဉ်)အဆင်ပြေရင်တော့ ဒီနေ့ပို့မယ်။ နောက် သုံးရက်လောက်နေ အဖြေတစ်ခုခုကနေ ဘယ်လို ဆက်လက် ဆောင်ရွက်မလဲဆိုတာ လုပ်ရမှာပေါ့လေ" ဟု ဒေါ်ရှားမီးက ဆက်လက်ပြောသည်။

ပိုးတွေ့လူနာသည် ကလေးမြို့မှ ချင်းပြည်နယ်သို့ ပြန်ရောက်ချိန်တွင်လည်း  Quarantine  ချက်ချင်း မဝင်ဘဲ သူမနေထိုင်ရာ ဟားခါးမြို့နယ် Tiphul ရွာတွင် တစ်ပတ်ခန့် နေထိုင်ခဲ့ကြောင်း၊ ယင်းနောက် ဧပြီ ၁၆ ရက်နေ့တွင်မှ ဟားခါးမြို့ န.တ.လ ကျောင်းတွင် Facility Quarantine ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ယခုအခါ ၎င်းလူနာကို ဟားခါးမြို့ပြည်သူ့ဆေးရုံတွင် သီးသန့်ထားရှိကာ ကြပ်မတ်ကုသပေးလျက်ရှိသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ပိုးတွေ့လူနာမှာ တီးတိန်ဆေးရုံတွင် ၅ ဦး၊ ဟားခါးဆေးရုံတွင် ၁ ဦး၊ ပေါင်း  ၆  ဦးရှိနေသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...