Covid-19 ကာကွယ်ရေးအတွက် အရေးယူမှု ဟားခါးတွင် စတင်

Covid-19 ကာကွယ်ရေးအတွက် အရေးယူမှု ဟားခါးတွင် စတင်

လားနွန် – ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့တွင် ကမ္ဘာ့ကပ်ရောဂါ Covid-19 ကာကွယ်ရေးအစီအစဉ်အဖြစ်  နှာခေါင်းစည်း (Mask)  မတပ်ဘဲ အပြင်ထွက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မှု ဧပြီ (၂၇) ရက်တွင် စတင်လိုက်ပြီဟုသိရသည်။

ချင်းပြည်နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်  မြို့တွင်းနေရာ (၆) ခုတွင် အဖွဲ့ခွဲ၍ စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရ အမိန့်ထုတ်ပြန်ချက်အတိုင်း အိမ်ပြင်သို့ မလိုအပ်ဘဲ မထွက်ကြရန်၊ မဖြစ်မနေထွက်မည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ရန် အသိပေးထားသည်။ မလိုက်နာသူများကို ကူးစက်ရောဂါထိန်းချုပ်ရေးဥပဒေဖြင့် အရေးယူသွားမည်ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“ရောဂါတွေ ထပ် မကူးစက်ဖို့ ကျနော်တို့ အပြင်းအထန် ကြိုးစားနေပါတယ်၊ အဲဒါကြောင့် Mask  မတပ်ဘဲနဲ့ အပြင် မထွက်ပါနဲ့ ။ အိမ်ထဲမှာပဲ နေပါ။ အဲဒီ ဥစ္စာလေးကိုပဲ ကူညီပေးပါ ။ဆောင်ရွက်ဖို့ မေတ္တာ ရပ်ခံပါတယ်” ဟု ဝန်ကြီးဦးရွှေထီးအို ကပြောသည်။

ချင်းပြည်နယ်သည် မြန်မာနိုင်ငံတွင် Covid-19 ရောဂါပိုးရှိသူ ပထမဆုံးတွေ့ရှိသည့်ဒေသဖြစ်ပြီး ၎င်းလူနာအပါအဝင် ပိုးတွေ့လူနာ (၅) ဦးရှိကာ တီးတိန်ဆေးရုံတွင် ကုသမှုခံယူလျက်ရှိကြသည်။

ထို့ကြောင့်  ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူတော့မည့်အစီအစဉ်ကို ပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် ပထမဆုံးစတင်လိုက်ခြင်းဖြစ်သည်။ကျန်မြို့နယ်များတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။

ဟားခါးလူငယ်အဖွဲ့ခေါင်းဆောင်ဆလိုင်းဗန်ကျင်းထန်က “သူတို့ ကြိုတင်လည်းလုပ်တာဆိုတော့လေ၊ အခုအစိုးရဖက်က ထုတ်ပြန်ချက်ထုတ်တာကလည်း ကြိုပြီးတော့ (၂) ရက်ကို အသိပညာပေးမှုတွေလုပ်ပြီးမှ အရေးယူရမယ့်အပိုင်းမျိုးနဲ့ ဆောင်ရွက်တဲ့အခါကျတော့ ပြည်သူအတွက်က အဲလောက်ထိ အခက်အခဲမဖြစ်လောက်ပါဘူးလို့။  ကောင်းပါတယ်’’ ဟုပြောသည်။

မည်သူမဆို ကျန်းမာရေးဝန်ကြီးဌာန၏ ညွန်ကြားချက်များ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေအရအရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ် (၆)လ ဖြစ်စေ၊ ဒဏ်ငွေ (၅၀၀၀၀) ထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုသိရသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...