လားနွန် – Covid-19 ရောဂါ ချင်းပြည်နယ် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ဆွေးနွေးမှုကို Covid-19 အရေးဆောင်ရွက်နေကြသည့် ချင်းအဖွဲ့များက ကျေနပ်အားရမှု မရှိကြောင်း ပြောဆိုကြသည်။
လူမှုကွန်ရက်စာမျက်နှာ Facebook မှတဆင့် Video Conference (ဗီဒီယိုဖြင့် အစည်းအဝေး) အပြန်အလှန်ဆွေးနွေးမှု ဧပြီ ၂၄ နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
တီးတိန်မြို့ ကိုဗစ်-၁၉ စေတနာ့ဝန်ထမ်းအဖွဲ့မှ ကိုမုန်းနိုးက “အဲဒီဆွေးနွေးပွဲမှာ လူနာ (၅) ဦးတွေ့တဲ့ တီးတိန်က တစ်ယောက်မှပါမလာဘူး။ အဲဒါက တော်တော်လေးကို အားနည်းတယ်။ ဝမ်းလည်းဝမ်းနည်းတယ်။ ဒုတိယချက်အနေနဲ့ လက်တွေ့ပိုးတွေ့လူနာရှိနေတဲ့နေရာက လူတွေရဲ့ ကြုံတွေ့နေတဲ့ အခက်အခဲက ဘာတွေလဲဆိုတာ လုံးဝဘယ်သူမှမပြောဘူး၊ သူတို့ပြောတဲ့အချက်တွေက သိပ်ပြီးတော့ အားမရဘူး”ဟု ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ချင်းပြည်နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါက်တာအောင်ငွေစံ၊ ချင်းပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးတာန်အောင်ရှိန်နှင့် Hakha Covid-19 Response Committee မှ မအားကျဲရ်တို့ ပါဝင်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
COVID-19 Resources Center- Chin အဖွဲ့မှ ကို Tha Tuang က ယင်းသို့သော အရေးကြီးသည့် ဆွေးနွေးမှုမျိုးတွင် Covid-19 ရောဂါတုန့်ပြန်ရေး လက်တွေ့လုပ်ဆောင်နေသော အဖွဲ့များ ပါဝင်ဆွေးနွေးသင့်သည်ဟု ပြောသည်။
“Covid-19 သည် Project မဟုတ်ပါဘူး။ Pandemic (ကပ်ရောဂါ) ဖြစ်ပါတယ် အဲဒီတော့ Pandemic ဖြစ်တဲ့ကိစ္စကို ကျနော်တို့ Pandemic ကို Preventive Measure (ကြိုတင်ကာကွယ်ရေးအတိုင်းအတာ) လုပ်နေကျတဲ့အခါမှာဒီဟာက ရောဂါကိုတုံ့ပြန်တာဖြစ်တဲ့အတွက် ရောဂါတုံ့ပြန်နေတဲ့အပိုင်းမှာ ပိုပြီးသက်ဆိုင်တဲ့သူတွေပါမယ်ဆိုရင်တော့ အင်မတန်မှထိရောက်လိမ့်မယ်လို့မြင်တယ်” ဟု ကို Tha Tuang ကပြောသည်။
ချင်းပြည်နယ်အစိုးရအဖွဲ့က Video Conference အတွက် လူ (၈) ဦးရွေးချယ်ထားသော်လည်း ပြည်နယ်အဆင့်လွှမ်းခြုံပြီး ဆွေးနွေးနိုင်ရန် ပြည်ထောင်စုက ပြန်လည်ရွေးချယ်ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။
“တကယ်တော့ interview လုပ်ဖို့က သုံးယောက်ပဲရွေးမှာဖြစ်တဲ့အတွက်ကြောင့် ကျနော်က လူ (၈) ယောက်ကိုရွေးထားတာ၊စီစဉ်ပြီးတော့ ရွေးတယ်။ ဆရာဝန်တွေ ဆရာမတွေကိုလည်းခေါ်လိုက်တယ်။ ဒီဟာက နိုင်ငံတော်အဆင့်နဲ့ပြောရမှာဖြစ်တဲ့အတွက် မြို့တွင်းတစ်မြို့ ကွက်ကွက်လေး ပြောလို့လည်းမဖြစ်ဘူး။ တစ်ပိုင်းက ပြည်နယ်တစ်ခုလုံးမှာရှိတဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ဟာ နောက်ပြီးတော့ တစ်ခါပြည်နယ် တစ်ခုလုံးမှာခြုံငုံပြီးတော့ အခု COVID-19 ကာကွယ်ရေးလုပ်နေတာ ကုသရေးလုပ်နေတာ ဒါတွေအားလုံးခြုံငုံဖို့အတွက် ပြည်နယ်ကျန်းမာရေးမှူးက အကောင်းဆုံးဖြစ်မှာပဲဆိုပြီး ပြည်နယ် ကျန်းမာရေးကို ဒေါက်တာအောင်ငွေစံကို ကျနော်တို့ပြည်ထောင်စုကနေ interview လုပ်ပြီးတော့ ရွေးလိုက်တာ၊ ဒီတိုင်းရွေးချယ်တာမဟုတ်။ ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ဖုန်းနဲ့ interview တွေလုပ်တယ်။ လုပ်တဲ့အပေါ်မှာ ပြောတာဆိုတာလေးနဲ့ ပြည်နယ်တစ်ခုလုံးကိုလွှမ်းခြုံနိုင်တာမျိုးကို သူတို့ဟာသူတို့ စဉ်းစားပြီးရွေးလိုက်တာပါ။ တီးတိန်ကမို့မပါစေချင်တာ မဟုတ်ဘူး။ ဟားခါးမို့ပါစေတာမဟုတ်ဘူး” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
ဆွေးနွေးမှုတွင် တီးတိန်မြို့ရှိ ပိုးတွေ့လူနာများ၏အခြေအနေ၊ ကြိုတင်ကာကွယ်ရေးနှင့်အသိပညာပေးမှုအခြေအနေများကို အဓိကဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။
ထို့အပြင် တီးတိန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ်မြို့ရှိဆေးရုံများတွင် အထူးကြပ်မတ်ကုသရေးဌာန(Intensive Care Unit)၊ Isolation Unit များထားရှိနိုင်ရေးနှင့် တီးတိန်မြို့ လျှပ်စစ်မီးအခြေအနေများ တင်ပြခဲ့ကြပြီး နိုင်ငံတော်အတိုင်ပင်ခံက ဦးစားပေးဆောင်ရွက်ပေးသွားမည် ဟုပြောဆိုခဲ့သည်။







