ပလက်ဝအနီး တိုက်ပွဲကြောင့် ၂ ရက်အတွင်း အရပ်သား ၄ ဦးသေဆုံး

ပလက်ဝအနီး တိုက်ပွဲကြောင့် ၂ ရက်အတွင်း အရပ်သား ၄ ဦးသေဆုံး

By လားနွန် – ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နှင့်အနီးအဝိုက်တွင် တပ်မတော်နှင့်AAတိုက်ပွဲတွင် လက်နက်ကြီးဖြင့်အပြန်အလှန်ပစ်ခတ်မှုများကြောင့် ၂ ရက်အတွင်း အရပ်သား ၄ ဦး သေဆုံးခဲ့ရပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။

ဧပြီ ၂၂ ရက်ကတိုက်ပွဲတွင် ပလက်ဝမြို့လယ် မြန်မာ့စီးပွားရေးဘဏ်ဝင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ၃  ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ အလားတူ ဧပြီ ၂၁ ရက်ကလည်း ပလက်ဝမြို့အရှေ့ဘက်ကမ်း မီးလက်ဝကျေးရွာအနီး စိုက်ခင်းတွင် ဟင်းရွက်ခူးနေသည့် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့သည်။

သေဆုံးသူများမှာ  မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း မိသားစုဝင် ၂၈ နှစ်အရွယ် ဒေါ်အက်စတာ၊ လေးနှစ်အရွယ် သမီး မိုင်ဧလိဇဘတ်မိုးမိုးအောင်တို့နှင့် မောင်အောင်နိုင်ဝင်း  (၉) နှစ်၊ ဒေါ်သန်းသန်းဝင်း (၄၉) နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူများမှာ ဦးလောဟာကီး (၄၅)နှစ်၊ ဦးလှသိန်းအောင် (၅၀)နှစ်နှင့် အွေ့လုံးယဒ် (၂၄)နှစ် တို့ဖြစ်သည်ဟုခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက “မြို့တဖက်ကမ်းမှာ တပ်ကတော့ ထိုးစစ်ဆင်တယ်ထင်တယ်။ တိုက်ပွဲဖြစ်တာ။ အဲဒါ လက်နက်ကြီးတွေဘာတွေ ဒီဘက်ကိုရောက်လာတယ်။ အဲဒီမှာ ဘဏ်မှာကျသွားတယ်။ သေဆုံးမှုတွေရှိတယ်” ဟုပြောသည်။

တပ်မတော်နှင့် AA  စစ်ရေးပဋိပက္ခ ပိုမိုပြင်းထန်လာနေပြီး ပလက်ဝမြို့ပေါ်အနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ် ရှိလာသည့်အတွက် မြို့ပေါ်နေပြည်သူများလည်း အသက်အိုးအိမ်လုံခြုံမှုမရှိတော့ကြောင်း ၎င်းကဆက်ပြောသည်။

ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က “ပလက်ဝမြို့တဝိုက်မှာ AA ဝင်ထွက်နေတာ လနဲ့ ချီရှိနေပြီ။ အရင်တိုက်ပွဲမရှိတာက တပ်ဘက်ကမပစ်ဘူးပေါ့နော်။ တိုက်ပွဲကမဖြစ်လေလေ AA ကဝင်လေလေဖြစ်နေတာပဲ ။အဲဒီတော့ AA က မြို့ထဲထိကို သေနတ်ကိုင်ပြီးတော့ ဝင်ထွက်နေတယ်ဆိုတာ ကျနော်တို့ကြားတယ်။ အဲဒီတော့ မနေ့ကဖြစ်တဲ့ အနေအထားဆိုလို့ရှိရင် ဒီကျောက်တော်ကြီးဘုရားတောင်ကျောပေါ်မှာရှိတဲ့ AA တွေအခြေချတဲ့နေရာရယ်၊  နောက်ပလက်ဝမြို့အရှေ့ဖက်ကမ်း ၂၈၉ ကုန်း၊အဲဒီနှစ်ခုကြားအပြန်အလှန်ပစ်ကြတာ နှစ်ဖက်စလုံးလက်နက်ကြီးတွေသုံးနေတာပဲ” ဟု ပြောသည်။

လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ပြီး အရပ်သားသေဆုံးမှုများ ရှိလာသည့်အခါ တဖက်နှင့်တဖက် စွပ်စွဲလွှဲချလေ့ရှိပြီး အမှန်တကယ်ပစ်ခတ်သူများကို ရှာဖွေဖော်ထုတ်သင့်သည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) အတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်ကပြောသည်။

“အဲဒီဗုံးတွေ ကျည်တွေက နှစ်ဖက်တပ်ဖွဲ့ကနေပြီးတော့ ပစ်နေပြီဆိုလို့ရှိရင် သူတို့ လူထုပေါ်မှာရောက်တာနဲ့က  ပိုင်ရှင်မဲ့ဖြစ်သွားလေ့ရှိတာက ပြဿနာ”ဟု  ၎င်းက ပြောသည်။

ယင်းအပြင် ကမ္ဘာတဝန်း Covid-19 ကပ်ရောဂါဖြစ်ပွားနေသည့် ယနေ့လို ကာလမျိုးတွင် တိုက်ပွဲများရပ်တန့်သင့်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏  ပလက်ဝစားနပ်ရိက္ခာအရေးနှင့်ပတ်သက်၍ ဧပြီ ၂၁ ရက်နေ့ ထုတ်ပြန်ကြေညာချက်တွင် စစ်ပွဲများရပ်တန့်ရန် မတောင်းဆိုဘဲ တပ်မတော်ကို ချီးကျူးစကား ထည့်သွင်းပြောဆိုခဲ့မှုသည်လည်း လုံးဝ မသင့်လျော်သည့်ကိစ္စဖြစ်ကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်က ဆက်ပြောသည်။

ပလက်ဝမြို့နယ်တွင် တပ်မတော်နှင့် AA တိုက်ပွဲအတွင်း တပ်မတော်က လေကြောင်းအသုံးပြုပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှ ဧပြီလ ၇ ရက်နေ့အတွင်း အရပ်သား ၂၈ ဦးသေဆုံးခဲ့ပြီး ၄၀ နီးပါးခန့်ဒဏ်ရာရရှိခဲ့ကြသည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...