“ဒီရေဟာ အဲဒီပတ်ဝန်းကျင်မှာနေထိုင်တဲ့ သူတွေအတွက် အရမ်းကို အန္တရာယ်များပါတယ်၊ ကျန်းမာရေးအတွက် အနှောက်အယှက်ဖြစ်စေပါတယ်” ဟု သူက ပြောသည်။
သောက်သုံးရေ ၁ လီတာအတွင်း ခဲသတ္တု ၀.၀၁ မီလီဂရမ်ခန့်မျှ ပါဝင်သော ရေကိုသာ သောက်သုံးသင့်ပြီး ယခု မော်ချီးတောင်ပေါ်ရေသည် ခဲသတ္တု ပါ၀င်မှုမှာ များပြားနေသည့် အတွက် မသောက်သုံးသင့်ဟု ဆိုသည်။
မော်ချီးတောင်ပေါ်ရေသည် ကိုလိုနီခေတ်က တူးဖော်ထားသည့် အမှတ် ၃ သတ္တုကျင်းက ထွက်လာသည့် သတ္တု သန့်စင်မည့် ရေလည်း ဖြစ်သည်။
အန္တရာယ်ကို သိသော်လည်း ရေရှားပါးသည့်အတွက် ၎င်းသတ္တုသန့်စင်မည့်ရေကိုသာ သောက်ဆုံးနေရသည်ဟု မော်ချီးတောင်ပေါ်တွင် အလုပ်လုပ်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
“မော်ချီးတောင်ပေါ် ပြည်သူလူထုတွေက တောင်ပေါ်ကန် ရေပဲသောက်ရတယ်၊ အခုတော်တော်ခဲဆိပ်သင့်နေပြီ၊ အရေးပြားစပေါ့(အစက်အပျောက်)ထမယ်၊ ဝမ်းလျှောမယ်၊ တချို့ဆိုရင် ကိုယ်ဝန်ပျက်ကျတာမျိုး ရှိတယ်” ဟု မော်ချီးဒေသခံ ကိုစိန်ဝင်းက ပြောသည်။
မော်ချီးဒေသရှိ မိုလိုချောင်းရေသည်လည်း ရေတစ်လီတာတွင် ခဲသတ္တု ၀.၉ မီလီဂရမ် ပါ၀င်နေပြီး ထိုရေကို သောက်သုံးနေသည့် ဒေသခံများ ခဲဆိပ်သင့် ရေများ သောက်သုံးနေရသည်ဟု ဒေသခံများက ပြောသည်။
လိုခါးလိုကျေးရွာမှ ဒေသခံများ၊ တောင်ပေါ်ခဲအလုပ်သမားများ၊ အမှတ် ၃ သတ္တုကျင်း အနီးတဝိုက်ရှိ ဒေသခံများနှင့် မိုလို ချောင်းတစ်လျှောက်ရှိ ပြည်သူများသည် ခဲဆိပ်သင့်နေသည့် ရေကို အသုံးပြုနေကြရသည့်အတွက် ရေကောင်းရေသန့် ရရှိရေး အကူအညီများလိုအပ်လျက်ရှိသည်။







