ပလက်ဝမြို့နယ်မှ AAတပ်ဖွဲ့ ဆုတ်ခွာပေးမှသာ မြို့နယ် လုံခြုံမည်ဖြစ်ကြောင်း ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ဧပြီ ၂၃ တွင် ထုတ်ပြန်လိုက်သည်။
အရပ်သားများထိခိုက်မှုသည် နှစ်ဖက်တပ်ဖွဲ့များအနေဖြင့် အရပ်သားပြည်သူများနေထိုင်ရာ မြို့၊ ရွာ နယ်နိမိတ်အတွင်း အပြန်အလှန်ပစ်ခတ်မှုကြောင့် ဖြစ်ပြီး အထူးသဖြင့် AAအဖွဲ့ အနေဖြင့် အရပ်သားများကြားတွင် ရောနှောနေထိုင်လေ့ ရှိသဖြင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားသောအခါ အရပ်သားများ ထိခိုက်မှုရှိလာခြင်းဖြစ်သည်ဟု သုံးသပ်ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့ကြောင့် AA အဖွဲ့ဝင်များအနေဖြင့် ပလက်ဝမြို့ နယ်နိမိတ်အတွင်းမှ ရေရှည်အကျိုး၊ သဘောထားကြီးကြီးဖြင့် ဆုတ်ခွာပေးမှသာ ပလက်ဝမြို့ပေါ် လုံခြုံရေး ရရှိနိုင်မည် ဖြစ်သည်ဟုလည်း ဖော်ပြပါရှိသည်။
ပလက်ဝမြို့တွင် ဧပြီ ၂၂ ရက်က ဖြစ်ပွားသည့် တပ်မတော်နှင့် AA အဖွဲ့ကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် စီးပွားရေးဘဏ်ဝင်း လက်နက်ကြီးကျပြီး ဒေါ်ဧသတာ (၂၈)နှစ်၊ မိုင်ဧလိဇဘက်(၄)နှစ်၊ မောင်အောင်နိုင်ဝင်း (၉)နှစ် နှင့် ဒေါ်သန်းသန်းဝင်း (၄၉)နှစ် တို့သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
KACC မှ ညှိနှိုင်းရေးမှူး ဦးစောမြက “မြို့တွေရွာတွေ အခြေပြုတော့ နှစ်ဖက်တပ်တွေ တိုက်တော့ လူနေတဲ့ ရပ်ကွက်တွေ လက်နက်ကြီး ကျည်တွေ ကျသွားနိုင်တယ်။ တမင်တကာ လုပ်တာဖြစ်ဖြစ်၊ ရည်ရွယ်ချက်မရှိဘဲ ကျတာဖြစ်ဖြစ် ထိခိုက်ဒဏ်ရာ ရရှိတာချင်းက အတူတူပဲဖြစ်တယ်။ ဒါကြောင့် သဘောထားကြီးကြီးနဲ့ တပ်ဆုပ်ပေးစေချင်တယ်”ဟုပြောသည်။

ဧပြီ ၂၃ ရက်နေ့တွင်လည်း တိုက်ပွဲ ဆက်လက် ဖြစ်ပွားခဲ့ပြီး ကလေးငယ် တစ်ဦး လက်နက်ကြီး ကျည်စ ထိမှန် သေဆုံးကြောင်း သိရသည်။
ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်လာသူ ၄၀၀၀ နီးပါးရှိပြီး စားဝတ်နေရေး အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။







