နယူးဒေလီရောက် ချင်းများကို မီဇိုရမ်အစိုးရ ရူပီ ၅ သိန်း ကူညီမည်

နယူးဒေလီရောက် ချင်းများကို မီဇိုရမ်အစိုးရ ရူပီ ၅ သိန်း ကူညီမည်

ရစ်ချက် –  ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးအတွက် အိန္ဒိယအစိုးရ အစီအမံအဖြစ် တစ်နိုင်ငံလုံး သွားလာမှုကန့်သတ် Lockdown ချထားမှုကြောင့် ဒုက္ခအတိရောက်နေရသည့် နယူးဒေလီမြို့ရှိ ချင်းလူမျိုးများကို မီဇိုရမ်ပြည်နယ်အစိုးရက ရူပီးငွေ ၅ သိန်း (ကျပ်ငွေသိန်းတစ်ရာခန့်) ကူညီထောက်ပံ့မည်ဟု မီဇိုရမ်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။

မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်၏ Covid-19 ကယ်ဆယ်ရေးရံပုံငွေ စနစ်တကျသုံးစွဲရေးကော်မတီ (Committee on Utilization of Chief Minister’s Relief Fund for Covid-19) အဖွဲ့က Lockdown ကြောင့် ပြည်နယ်အသီးသီးတွင် သောင်တင်နေသူများအား ကူညီထောက်ပံ့နိုင်ရေး မကြာသေးမီရက်ပိုင်းက အစည်းအဝေးပြုလုပ်ရာတွင် နယူးဒေလီရှိ ချင်းဒုက္ခသည်များကိုလည်း ကူညီရန် ထည့်သွင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်များ၏ အခက်အခဲများနှင့်ပတ်သက်၍ အမြန်ဆုံးကူညီပေးကြရန် မီဇိုရမ် ဝန်ကြီးချုပ်ဟောင်း ပူးလာလ်ထန်ဟောလ်လာနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD) ပါတီဥက္ကဋ္ဌ ပူးနိုးထန်ကပ်တို့က လက်ရှိမီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်ထံ အသီးသီးတောင်းဆိုခဲ့ကြသည်။

“အဲဒီသတင်းကို ကြားတော့ အရမ်းဝမ်းသာတယ်၊ ဒါပေမယ့် သူတို့ဘက်က ကျနော်တို့ကို official နဲ့ ဆက်သွယ်တာတော့ မရှိသေးဘူး၊ ဒီကူညီငွေတွေကို ရသင့်ရထိုက်တဲ့သူ၊ မှန်မှန်ကန်ကန် သွားနိုင်ဖို့ အရေးကြီးတယ်၊ Chin Refugee Committee (CRC) ကိုလည်း ပြောထားတယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ်အစိုးရကို ကျေးဇူးတင်စကား ပြောဖို့လိုအပ်ကြောင်း ပြောထားတယ်’’ ဟု ချင်းဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသော နယူးဒေလီရှိ CHRO တာဝန်ခံ Salai Cung Dawt ကပြောသည်။

ချင်းလူမျိုးများအား အလားတူ ကူညီရန်Chin Baptist Churches USA (CBCUSA) ကလည်း ရူပီး တစ်သိန်းခွဲကျော်နှင့် ကနေဒါနိုင်ငံကလည်း ကနေဒါငွေ ၄၀၀၀ လွှဲပေးပြီးဖြစ် ကြောင်း Salai Cung Dawt က ဆက်ပြောသည်။

ခရီးသွားလာမှုတွေကို ကန့်သတ်တားဆီးထားသည့် Lockdown ကာလမှာ ဧပြီ ၁၄ ရက်တွင် ပြည့်မြောက်ခဲ့သော်လည်း တာဝန်ရှိသူတို့က  မေ ၃ ရက်ထိ သက်တမ်း ထပ်မံတိုးမြှင့်ထားသည်။

အိန္ဒိယနိုင်ငံ UN ရုံးက စာရင်းကောက်ယူ ပြုစုထားချက်အရ နယူးဒေလီတွင် ချင်းဒုက္ခသည် စုစုပေါင်း ၃၀၀၀ ခန့် ရှိနေပြီး ၎င်းတို့အနက် ၂၉၀၀ ခန့်မှာ ယူအန်ကတ် ရရှိပြီးသူများ ဖြစ်သည်။

February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...