တရုတ်မှ ပြည်တော်ပြန်အားလုံးကို လက်ခံမည်ဟု ပြည်နယ် လဝက ဝန်ကြီး ပြော

တရုတ်မှ ပြည်တော်ပြန်အားလုံးကို လက်ခံမည်ဟု ပြည်နယ် လဝက ဝန်ကြီး ပြော

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်အားလုံးကို လက်ခံမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားရင်းမြစ်ဝန်ကြီး ဦးဇော်ဝင်းထံမှ သိရသည်။

'တရုတ်ပြန် ၁၈၀၀၀ သာ လက်ခံမည်'ဟု လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့နေသော သတင်းမှာ မမှန်ကန်ကြောင်း ပြည်နယ်ဝန်ကြီးက ပြောသည်။

လူဦးရေ ၁သောင်းကျော် ၂သောင်းကို တရုတ်ပြည်မှ မောင်းထုတ်သည်ဟု အချို့ ပြောဆိုနေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးက “ကျနော်တို့လေ့လာသလောက်တော့ ဟိုဘက် စီချွမ်းမှာ အလုပ်လုပ်နေတဲ့ ကြံလုပ်သားတွေရှိတယ်။ ဆေးလိပ်ကုမ္ပဏီမှာလုပ်တဲ့သူတွေလည်း ရှိတယ်။ သူတို့က ဟိုဘက်မှာ ရာသီကုန်လို့ ပြန်လာတာဖြစ်တယ်"ဟု ပြောသည်။

လက်ရှိအချိန်တွင် လူဦးရေကို မသိရသေးဘဲ စာရင်းပိတ်ချိန်မှသာ အတိအကျ သိနိုင်မည် ဖြစ်ကြောင်း၊ ပြည်တော်ပြန်အားလုံးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ သီးခြားထားရှိလျက် ကျန်းမာရေးဆိုင်ရာစောင့်ကြည့်မှုအစီအစဉ် (Quarantine)ထိထိရောက်ရောက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်တော်ပြန်များ စောင့်ကြည့်ရေးစင်တာ Quarantineနေရာအတွက် ပြင်ဆင်နေသဖြင့် နယ်စပ်ရှိ လွယ်ဂျယ်ဂိတ်ကို လွန်ခဲ့သည့် ရက်သတ္တပတ်က ပိတ်ထားခဲ့ပြီး ဧပြီ ၁၆ရက်တွင် ပြန်လည် ဖွင့်လှစ်ကာ ပြည်တော်ပြန်များကို လက်ခံနေပြီဖြစ်ကြောင်း သက်ဆိုင်ရာထံမှ သိရသည်။

“Covid-19 ပတ်သက်ပြီး အရင်ကတော့ Quarantine ၁၄ရက် ဖြစ်တယ်။ ဒါပေမဲ့ ခုက ၂၁ရက် ဖြစ်သွားပြီ။ ခု ပြန်ရောက်တဲ့သူ အားလုံး အစိုးရ သတ်မှတ်ထားတဲ့နေရာမှာ ၂၁ရက်နေရမှာ ဖြစ်ပြီးတော့ မိမိ အိမ်ပြန်ရောက်တဲ့အချိန်လည်း Home Quarantine တစ်ပတ် ထပ်နေရပါမယ်။ အဲဒီတော့ Quarantineရက်က စုစုပေါင်း ၂၈ရက်ရှိမှာဖြစ်တယ်"ဟု ၎င်းက ရှင်းပြသည်။

ကချင်ပြည်နယ်အတွင်း မြို့နယ်များမှ ပြည်တော်ပြန်များကို မြို့နယ်အသီးသီး သက်ဆိုင်ရာသို့ ယာဉ်များဖြင့် ပို့ဆောင်ပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့မှာလည်း  သတ်မှတ်ထားသော နေရာများတွင် ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်စစ်ဆေးမှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

ဧပြီ ၁၆ ရက်မှ၂၀ ရက်နေ့ထိ လွယ်ဂျယ်နယ်စပ်ဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာသူ ၁၂၄၇ ဦးရှိခဲ့ကြောင်း သိရသည်။

Most read this week

January 30, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က ထီးချိုင့်မြို့ကို ပြန်လည်ရရှိရေး တော်လှန်ရေးအင်အားစုတွေဘက်က ဇန်နဝါရီလ ၂၈...
January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...