ချင်းပြည်နယ် ပလက်ဝမြို့အတွက် ရိက္ခာ ဆန်အိတ် ၈၃၀ ကို ရေလမ်းအတိုင်း စက်လှေဖြင့် သယ်ယူလာရာ ဧပြီ ၁၉ မွန်းလွဲပိုင်းတွင် ဆိုက်ရောက်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က "နေ့လည် ၂ နာရီ ဝန်းကျင်လောက်မှာ ပလက်ဝမြို့ကို ရောက်ပြီလို့ သိရတယ် ။ ဆန်တွေကို ဖြန့်ဝေနေပြီလို့လည်း သိရတယ်”ဟုပြောသည်။
ဆန်အိတ် ၂၀ ခန့် ရေစိုခဲ့သော်လည်း ချက်ပြုတ်၍ ရနိုင်မည်ဟု သူက ဆက်ပြောသည်။
ကနဦးက အဆိုပါဆန်အိတ်များကို ဆမီးမြို့မှ ပလက်ဝမြို့သို့ ကား ၁၀ စီးဖြင့် သယ်ဆောင်လာရာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် ပြန်လှည့်ခဲ့ရကြောင်း၊ သို့ဖြစ်၍ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေဖြင့် ပြောင်းလဲသယ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။
ဆန်အပါအဝင် ရိက္ခာများ၊ ဆေးဝါးများ ကနဦးတင်ဆောင်လာပြီး ပြန်လှည့်ရသည့် အဆိုပါကားများမှာ ဧပြီ ၁၉ ညနေတွင် ဆမီးသို့ လုံခြုံဘေးကင်းစွာ ပြန်ရောက်နေပြီဖြစ်ကြောင်း သိရသည်။







