Salai C.Lian - ချင်းပြည်နယ် တီးတိန်မြို့တွင် COVID-19 ရောဂါပိုးတွေ့ထားသူ လူနာများကို ပြောင်းရွှေ့ကုသမှု မပြုလုပ်ဘဲ တီးတိန်မြို့တွင် ဆက်လက်ထားရှိကုသမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။
“လောလောဆယ်တော့ အခု တွေ့ရှိတဲ့ ၃ ဦးအတွက် တီးတိန်မှာ အဆင်ပြေတယ်။ အဲဒီမှာပဲ ဆက်ထားမယ်၊ တွေ့ရှိလူနာကို သယ်ယူပို့ဆောင်ရေး လုပ်ပေးနေတဲ့ ကားဆရာ၊ သူနာပြုဆရာမတွေကိုပါ ကျွန်တော်တို့ အကုန်လုံး စစ်ဆေးခိုင်းတယ်၊ ပြီးတော့ ကပ်တဲလ်ရွာက Case 1 ရဲ့ဆက်နွှယ်တဲ့ ၄၁ ဦးကို စစ်ဆေးဖို့ ကျွန်တော်တို့ ပို့ထားတယ်၊ တခြားနေရာ ပြောင်းရွှေ့ဖို့တော့ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါလူနာများ ဆေးရုံနေရာ ပြောင်းရွှေ့ရေးနှင့်ပတ်သက်ပြီး လူနာများ၏ အခြေအနေအပေါ် အဓိကမူတည်ကြောင်း တီးတိန်မြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ ဇော်မြင့်နိုင်က ပြောသည်။
နောက် “ ကျွန်တော်တို့ ရောဂါမတွေ့ရသေးတဲ့ သံသယလူနာတွေကို တချို့နေရာမှာ ထားထားတယ်။ သူတို့အားလုံးကိုပါ ဆေးရုံမှာ ထားရင်တော့ ကျွန်တော်တို့ လက်ရှိ တီးတိန်ဆေးရုံအနေအထားအရ အင်အားမလုံလောက်ဘူး။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအင်အားလည်း လောက်မှာမဟုတ်ဘူး” ဟု သူက ဆက်ပြောသည်။
သံသယလူနာများ ရောဂါရှိမရှိ စစ်ဆေးမှုအတွက် နမူနာများပေးပို့ရာတွင် ပြည်သူများအနေဖြင့် စိုးရိမ်စရာ မလိုကြောင်း၊ တီးတိန် - ရန်ကုန် (သို့) နေပြည်တော်သို့ တိုက်ရိုက်သွားရောက်မည့် ဆေးကိရိယာအစုံပါ ယာဉ်များ စီစဉ်ထားကြောင်း ပြည်နယ်စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။
“ကျွန်တော်တို့ ပထမကတော့ လေယာဉ်နဲ့ လိုက်ပို့ပေးတယ်၊ ဒါပေမဲ့ အခုက လိုင်းတွေက မရှိတော့ နေပြည်တော်ကနေ ကား စီစဉ်ပေးလိုက်တယ်၊ တီးတိန်ကနေ ရန်ကုန်ထိ တိုက်ရိုက်သယ်ပေးမယ့် ကား သက်သက်ရှိတယ်၊ စစ်ဆေးမယ့် ကိရိယာတွေ၊ သွေးသိုလှောင်တဲ့ သေတ္တာတို့နဲ့ အထူးကုတွေ၊ အကုန်လုံး တီးတိန်ကို ရောက်နေပြီ၊ အားလုံးကို အဆင်သင့် လုပ်ထားပြီးသား ဖြစ်တယ်” ဟု ပြောသည်။
ရောဂါကူးစက်ခံရသူများကို တီးတိန်မှ စစ်ကိုင်းတိုင်း ကလေးမြို့ ဆေးရုံသို့ ပြောင်းရွှေ့ကုသမည်ဆိုသည့် သတင်းကို ကြားသိရ၍ ယင်းကိစ္စ လက်မခံနိုင်ကြောင်း၊ ပြောင်းရွှေ့လာလျှင် ပိတ်ပင်သွားမည်ဖြစ်ကြောင်း ကလေးမြို့ခံ အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့က ကြေညာချက်တစ်ရပ် ယခုရက်ပိုင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ ထုတ်ပြန်မှုမျိုး ရှိလာခြင်းကြောင့် လူနာများကို ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပေးနိုင်ဖို့ ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်ပေးရန် ၊ သို့မဟုတ်ပါက တီးတိန်မြို့တွင်ပင် ပြုစုစောင့်ရှောက်ကုသနိုင်ရေး လိုအပ်သည့် ဆေးဝါးများနှင့် အခြားဆက်စပ်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် Covid -19 Emergency Committee – Tedim(Volunteers) အဖွဲ့က ဧပြီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။







