လူနာလွှဲပြောင်းရေး အဆင်မပြေပါက တီးတိန်ဆေးရုံကို အဆင်မြှင့်တင်ပေးရန် လူမှုရေးဝန်ကြီး ပြော

လူနာလွှဲပြောင်းရေး အဆင်မပြေပါက တီးတိန်ဆေးရုံကို အဆင်မြှင့်တင်ပေးရန် လူမှုရေးဝန်ကြီး ပြော

By လားနွန် – ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသည့် Covid-19 လူနာ (၃) ဦးကို ပိုမိုကောင်းမွန်သည့် နေရာဒေသသို့ လွှဲပြောင်းကုသမပေးနိုင်ပါက တီးတိန်မြို့ပြည်သူ့ဆေးရုံကို အရည်အသွေးရှိရှိဖြင့် အဆင့်မြှင့်တင်ပေးရန် လိုအပ်သည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ကုတင် (၁၀၀) အနေအထားအနေနဲ့ intensive care unit (ICU) မရှိတာ လိုအပ်ချက်အများကြီး ရှိတယ်၊  အဲဒါကြောင့် တီးတိန်မှာတော့ ဘယ်လိုမှအဆင်မပြေဘူး၊ ဒီအခြေအနေနဲ့ ဒါတွေကြောင့် သူတို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအရ သူတို့က ပိုမိုအဆင့်မြင့်တဲ့နေရာ ပို့ဖို့လိုတယ်၊ အဲဒါကြောင့် ကျနော်တို့က ရွှေ့ပေးဖို့ပဲပြောတယ်၊ ဘယ်နေရာရယ်လို့တော့မရှိပါဘူး၊ ဒီမှာတော့ သူရဲ့အခြေအနေအရ ခက်ခဲမှုဖြစ်တယ်၊ တီးတိန်ဆေးရုံကို အရည်အသွေး (Quality) ရှိအောင်လုပ်ပေး၊ ဖြစ်နိုင်ရင်တော့ ကိုယ့်ပြည်နယ်အတွင်းမှာ လုံခြုံတဲ့၊ လိုအပ်တဲ့၊ လုံလောက်တဲ့ Facility (လိုအပ်သည့် အထောက်အပံ့ပစ္စည်း၊ အဆောက်အအုံ) ထားတယ်ဆိုရင် သူ့နေရာနဲ့သူလုပ်ရင်ပိုကောင်းတယ်’’ ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် လူနာကုသရေးအတွက် လိုအပ်သောအထောက်အပံ့ပစ္စည်း၊ အဆောက်အအုံမလုံလောက်သောကြောင့် Covid-19 ရောဂါကူးစက်ခံထားရသူ (၃) ဦးအား ဆက်လက်ကုသရန်အ ဆင်မပြေသည့်အတွက် အနီးစပ်ဆုံးဒေသ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့  လွှဲပြောင်းကုသရန် ပြည်ထောင်စုအစိုးရက စီစဉ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကလေးမြို့ရှိ မြို့မိမြို့ဖများ၊ ၈၈၈၈ နိုင်/ကျဉ်းအဖွဲ့ (ကလေးမြို့)၊ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ကလေး မြို့)၊ ချင်းတွင်းကွန်ရက်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချူပ် (ကလေးမြို့) နှင့် ကလေးမြို့လူငယ် (Volunteer) စသည့်အဖွဲ့အစည်းများက ဧပြီ ၁၄ တွင် ပူးတွဲကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

ယင်းသို့ Covid-19 လူနာများ ကလေးမြို့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခြင်းကို လက်မခံကြကြောင်း၊ ချင်းပြည်နယ်ဆေးရုံကြီးတွင် ရွှေ့ပြောင်းကုသသင့်ကြောင်း ၎င်းတို့၏ကြေညာချက်တွင်ဖော်ပြထားသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ကလေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမူ (ခ) ဒေါ်ရှားမီးက “ကျမတို့ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနက ဆုံးဖြတ်ထားတဲ့အပေါ်မှာတော့ ကျမတို့ကဘာမှ ပြောစရာမရှိဘူး၊ လူထုအနေနဲ့တလှည့် ပြန်စဉ်းစားရင်လည်း ကျမတို့စိုးရိမ်တယ်၊ မြို့မိမြို့ဖ လူထုတွေကတော့ လက်ခံနိုင်စွမ်းမရှိဘူး၊ ဒါပေမဲ့ လူထုနဲ့ တသားတည်းရပ်တည်နေတဲ့ ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ လူထုတွေစိုးရိမ်တဲ့အတိုင်း ကျမတို့လည်းစိုးရိမ်တယ်၊ ပြီးတော့ ကျမတို့အနေနဲ့လည်း ဝန်ကြီးဌာနကို ပိုးတွေ့လူနာ (၃) ဦးကလည်း လောလောဆယ်မှာ ကျန်းမာရေးကောင်းနေသေးတဲ့အတွက် ခေတ္တဆိုင်းငံ့ပေးဖို့ ကျမတို့ ကလေးမြို့မှာလည်း ပိုးတွေ့လူနာရှိလာနိုင်တယ်ဆိုပြီးတော့ ကျမတို့ဖုန်းဆက်ပြီးတော့ တင်ပြတယ်၊ တင်ပြတော့ ပြန်ပြီးတော့ ဆိုင်းငံ့ပေးမယ့်သဘောမျိုး ရှိလာနိုင်တယ်၊ အခုဆိုရင်လည်း ကျမတို့အခုကလေးမြို့မှာလည်း တစ်ဦးတော့ တွေ့လာပြီ ။ Case 1 တည်းခဲ့တဲ့အိမ်ရှင်ပေါ့နော်” ဟု ပြောသည်။

တီးတိန်မြို့နယ် လူနာ (၃) ဦး လွှဲပြောင်းရေးကိစ္စသည် နိုင်ငံတော်အဆင့်မှသာလုပ်ပိုင်ခွင့်ရှိပြီး ဆေးရုံလိုအပ်ချက်များနှင့် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ ၊ ဆရာဝန်များဖြည့်စွတ်ပေးမည်ဆိုပါက  အခြားသို့လွှဲပြောင်းစရာမလိုဟု တီးတိန်မြို့နယ် အမျိူးသားလွှတ်ကိုယ်စားလှယ်  ပူးဂင်ကမ်းလျန်ကပြောသည်။

“ကျနော်တို့အနေနဲ့ နေရာဒေသတော့ မတောင်းဆိုပါဘူး၊ မလုံလောက်တဲ့အတွက် လုံလောက်တဲ့ တစ်နေရာတော့ ပြောင်းရင်ကောင်းမယ်၊ တကယ်လို့ မလုပ်ပေးနိုင်ဘူးဆိုရင်လည်း ဒီမှာလိုအပ်တဲ့ ရေ၊ မီး ပြီးတော့ ICU အခန်းတို့၊ အောက်ဆီဂျင်တို့ ချက်ချင်းဆောင်ရွက်ပေးနိုင်ရင်တော့ ဒီမှာထားလို့ရမှာပါ၊ တစ်ခုတော့ရှိတယ်၊ နိုင်ငံတော်လုပ်တဲ့စီမံကိန်းကျတော့ ကျနော်တို့ သွားကန့်ကွက်လို့မရဘူးလေ၊ ဥပမာ မြောက်ဥက္ကလာက တစ်မြို့နယ်လုံးမှာလူဦးရေ (၇) သိန်းကျော်လောက်ရှိမှာ၊ ဝေဘာဂီဆေးရုံက အဲဒီမှာရှိတယ်၊ မြောက်ဥက္ကလာပပြည်သူတွေက ကန့်ကွက်တာမရှိဘူး၊ ဒါကြောင့် ဖလမ်းမြို့သူမြို့သား၊ ကလေးမြို့သူမြို့သားတွေကလည်း နိုင်ငံကြီးသားပီသတဲ့စိတ်နဲ့ စဉ်းစားဖို့လိုလာပြီ၊ အခုချိန်မှာက နိုင်ငံတော်အနေနဲ့ ပြတ်ပြတ်သားသားဆောင်ရွက်ဖို့ အရေးကြီးပါတယ်” ဟု ပူးဂင်ကမ်းလျန်ကပြောသည်။

ကမ္ဘာတစ်လွှားပြန့်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် COVID-19 သည် မြန်မာနိုင်ငံတွင် လက်ရှိကူးစက်ခံရသူ (၇၄) ရှိပြီးဖြစ်ကာ ချင်းပြည်နယ်တွင် (၃) ဦး ကလေးမြို့တွင် တစ်ဦးတွေ့ရှိပြီဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...