ပလက်ဝမြို့ခံလူထုနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် ပို့ဆောင်မရ ဖြစ်နေ

ပလက်ဝမြို့ခံလူထုနှင့် စစ်ဘေးရှောင်များအတွက် ရိက္ခာဆန် ပို့ဆောင်မရ ဖြစ်နေ

လားနွန် – မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား စစ်ရေးပဋိပက္ခကြောင့် ဆက်သွယ်ရေးလမ်းကြောင်း ပြတ် တောက်ကာ စားနပ်ရိက္ခာပြတ်လပ်နေသည့် ချင်းပြည်နယ် ပလက်ဝမြို့ပြည်သူများနှင့် စစ်ဘေးရှောင်များ အတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းများက ရိက္ခာဆန်များပို့ဆောင်ရန် ကြိုးစားခဲ့ကြသော်လည်း အခက်အခဲရှိနေသည်ဟု သိရသည်။

ပလက်ဝသို့ ပို့မည့် ရိက္ခာဆန်များ ဆမီးမြို့သို့ရောက်ရှိပြီဖြစ်သော်ငြား ရှေ့ခရီးဆက်ရန် ကားသမားများ မဝံ့ရဲသောကြောင့် အခက်ကြုံနေကြရခြင်းဖြစ်သည်။

“အဓိကတော့ အစိုးရအဖွဲ့ကခွင့်ပြုတယ်။ နောက်ပြီးတော့ တပ်ကလည်းလုံခြုံရေးသူတို့ပေးမယ်။ ဒါပေမဲ့ကားသမားတွေကမသွားရဲတော့ဘူး။ အဓိကပြဿနာက ကားသမားတွေမသွားရဲတာ။ အဲဒီတော့ ကားသမားတွေဘာကြောင့် မသွားရဲတာလဲဆိုတော့ သူတို့မှာလည်းအကြောင်းရှိတယ်။ ဟိုတလောကလည်း ကားမီးရှို့လိုက်တာတို့ ၊ဆန်အိတ်လုသွားတာတို့ ၊ အဲလိုဖြစ်တော့ သူတို့ကအစိုးရခွင့်ပြုတာတောင်မှ သူတို့မသွားရဲဘူး။ တပ်ကလုံခြုံရေးပေးမယ်လို့ပြောရင်တော့ ပိုတောင်ကြောက်တာပေ့ါဗျာ၊ ဆိုတော့ အဲဒီအနေအထား” ဟု ကူညီထောက်ပံ့ရေးလုပ်ငန်းတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

 စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ချင်းအရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းလူငယ်များဦးဆောင်၍ အလှူငွေများကောက်ခံကာ မကြာသေးမီရက်ပိုင်းက ဆမီးမြို့သို့  ရိက္ခာဆန်နှင့် စားသုံးကုန်၊ လူသုံးကုန်များ သွားရောက်ပို့ဆောင်ခဲ့ကြသည်။ သို့တိုင်အောင် ဆမီးမြို့မှတဆင့် ပလက်ဝမြို့သို့ ဆက်လက်ပို့ဆောင်ရန်မှာ နယ်မြေလုံခြုံမှုမရှိသေးသည့်အတွက် အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။

ပလက်ဝမြို့အရောက် ဆက်လက်ပို့ဆောင်ရေး အရပ်ဘက်အဖွဲ့အစည်းများ၊ ချင်းလူငယ်များ ဝိုင်းဝန်းကြိုးပမ်းရင်း ဆမီးမြို့တွင် ၃ ရက်ခန့် စောင့်ဆိုင်းခဲ့ကြသော်လည်း ရှေ့ဆက်တိုး မရသည့်အခြေအနေဖြစ်နေ၍ အစိုးရက လုပ်ဆောင်ပေးမှ ရတော့မည်ဟု ဆလိုင်းအိုက်ဇက်ခင်က သုံးသပ်ပြောဆိုသည်။

“အစိုးရယာဉ်တန်းနဲ့ဦးဆောင်ပြီးတော့ အဲလိုမျိုးသူတို့ ယာဉ်တန်းနဲ့သွားရင်တော့ အဆင်ပြေနိုင်တယ်။ လုံခြုံရေးလည်းပါရမယ်။ တပ်လုံခြုံရေးလည်းပါရမယ်။ အစိုးရဝန်ထမ်းလည်းပါမယ်။ အခုန ဆန်သယ်ကားတွေလည်းပါမယ်။ အဲလိုဆိုရင်တော့ ယာဉ်မောင်းတွေကတော့ လိုက်ရဲမယ်” ဟု ဝန်ကြီးဟောင်း ဦးအိုက်ဇခင်က အကြံပြုသည်။

ချင်း စစ်ဘေးရှောင်ပြည်သူများအတွက် ရိက္ခာဆန်များ သွားရောက်ထောက်ပံ့ခဲ့သည့် Chin Relief-rehabilitation and Community Development Foundation (CRCDF) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Chinland Herald သတင်းစာအယ်ဒီတာ ဆလိုင်းငယ်ပီက ၎င်းတို့အနေဖြင့် ပလက်ဝမြို့အထိ ကိုယ်တိုင် သွားရောက်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေမပေးသောကြောင့် ဆမီးမြို့တွင် ရိက္ခာများထားခဲ့ပြီး ပြန်လှည့်လာခဲ့ရကြောင်း ပြောသည်။ ရိက္ခာများ လက်ရှိနေရာမှ ဆက်လက်ပို့ဆောင်ရေး စရိတ်စက ပါမကျန် စီစဉ်ထားရစ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောပြသည်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူများ တိုးလာဆဲဖြစ်ပြီး ပလက်ဝမြို့ပေါ်တွင် ၃ ထောင်ကျော်ရှိကာ ဆမီးမြို့ပေါ်တွင်လည်း ၃ ထောင်နီးပါး ရောက်ရှိနေကြသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...